ဧည့်သည်လာတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် ပါတီပွဲမှာဖြစ်ဖြစ် အသီးတွေကို လှလှပပ ပြင်ပြီး ဧည့်ခံကြရအောင်ပါ။ မျက်နှာပန်းလှပြီး မြင်တဲ့သူတိုင်း စားချင်စဖွယ် ဖြစ်နေမယ့် အသီးပုံစံလေးတွေပါ။ ဒီတပတ်မှာတော့ ဖရဲသီးကို အမြင်တမျိုးနဲ့ ပြုလုပ်ကြည့်ကြပါစို့။ ဒီ ချစ်စရာ ပုံစံလေးကိုတော့ ဖရဲသီးကိတ်လို့ ခေါ်ပါတယ်။
နည်းလမ်းကတော့ လွယ်ကူပါတယ်။ လိုအပ်တဲ့ ပစ္စည်းကလည်း သိပ်မရှိပါဘူး။
– ဖရဲသီးလတ်လတ်ဆတ်ဆတ် တစ်လုံး
– ဓါးတစ်ချောင်း
– ဇွန်းအလုံးအဝိုင်း (မီးဖိုချောင်သုံးပစ္စည်းရောင်းတဲ့နေရာတွေမှာ ရှာကြည့်ပါ။)
– ပူစီနံ အခက် အနည်းငယ် (အလှဆင်ရန်)
ပထမဦးစွာ ဖရဲသီးကို အလုံးလိုက် ရေဆေးပြီး ခြောက်နေအောင် ပြန်သုတ်ပါ။
ပုံမှာ ပြထားတဲ့အတိုင်း ၃ပိုင်း ပိုင်းပါ။ တစ်ခုနဲ့ တစ်ခု ၂လက်မစီ ခွာပြီး ပိုင်းပါ။ လှလှပပ ဖြစ်စေဖို့ အတွက် ဓါးပြတ်ပြတ်ကို သုံးပါ။ ဓါးအရှည်ကို သုံးမှ ရပါမယ်။
အလယ်ပိုင်းကို ယူပြီး ပန်းကန်ပြားပေါ်တင်ပါ။ ၈ စိပ် အညီအမျှ စိပ်ပါ။
ကျန် ၂ပိုင်းကနေ ဖရဲသီး အနှစ်တွေကို ဇွန်းအလုံးနဲ့ သိပ်သိပ်လေး ယူပါ။ ပြောချင်တာကတော့ ဇွန်းအပြည့်နဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ယူပါ။ ယူပြီး ပန်းကန်တစ်ခုထဲ ခဏထည့်ထားပါ။
စိပ်ထားတဲ့ ဖရဲသီး အခြမ်းပေါ်ကို လှပအောင် စီပြီး တင်ပါ။ အပေါ်ဆုံးကနေ ပူစီနံရွက်လေး စိုက်ထားလိုက်ပါ။ ပြည့်စုံပြီး ရနံ့လေး သင်းနေတဲ့ ဖရဲသီးကိတ်လေးကို စားလို့ ရပါပြီ။ အပေါ်က ဘောလုံးလေးတွေ ကုန်သွားရင် အောက်က စိပ်ထားတဲ့ အစိပ်လေးတွေကိုလည်း သုံးဆောင်နိုင်ပါသေးတယ်။
Source: veggiebelly