ရယ်ဒီမိတ်ခရမ်းချဉ်သီးဆော့စ်တွေချည်းပဲ စားနေရလို့ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်နေပြီလား။ မိမိအိမ်မှာပဲ သဘာဝအတိုင်းပြုတ်လုပ်ထားပြီး လတ်လတ်ဆတ်ဆတ်နဲ့ စိတ်ချလက်ချစားသုံးနိုင်တဲ့ ခရမ်းချဉ်သီးဆော့စ်လေး မလုပ်စားချင်ဘူးလား။

ဓာတုပစ္စည်းလုံးဝမပါဝင်တဲ့ ခရမ်းချဉ်သီးဆော့စ်ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်တယ်နော်။

လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ ခရမ်းချဉ်သီး ၁၀ ပေါင်ခန့်နဲ့ သံပုယိုရည် စားပွဲတင်ဇွန်း ၆ ဇွန်းတို့ပဲဖြစ်ပါတယ်။

(၁) အရင်ဦးဆုံး ရေနွေးအရင်ကျိုလိုက်ပါ။ ရေနွေးက ပွက်ပွက်ဆူလာပြီဆိုရင် ခရမ်းချဉ်သီးရဲ့ ထိပ်ပိုင်းလေးတွေကို ဓားဖြင့် အင်္ဂလိပ်အက္ခရာ “X” ပုံသဏ္ဍာန် အရာပေးထားလိုက်ပါ။ အရာပေးပြီးသွားတဲ့ ခရမ်းချဉ်သီးများကို ရေနွေးပူထဲမှာ တစ်မိနစ်ခန့်ထည့်လိုက်ပါ။

(၂) တစ်မိနစ်ပြည့်တဲ့အခါ ခရမ်းချဉ်သီးများကို လင်ဗန်းပေါ်တင်ကာ အအေးခံလိုက်ပါ။ အမြန်အေးချင်ပါက ရေခဲရေထဲထည့်ပြီး အအေးခံပါ။

(၃) ခရမ်းချဉ်သီးများ အေးသွားပြီဆိုရင်တော့ အရာပေးထားတဲ့ “X” နေရာကနေ အလွယ်တကူအခွံခွာလိုက်လို့ ရပါပြီ။ ထို့နောက် ခရမ်းချဉ်သီးများကို ပါးပါးလှီးပါ။ လှီးလိုက်လို့ ထွက်လာတဲ့ ခရမ်းချဉ်သီးရဲ့ အရည်တွေကိုလည်း ပြန်လည်အသုံးပြုပေးရပါမယ်။

(၄) ရရှိလာတဲ့ ခရမ်းချဉ်သီးအဖတ်များနဲ့ အရည်များကို ဒယ်အိုးတစ်လုံးထဲထည့်ကာ မီးအပူပေးပြီး မိနစ် ၃၀ ခန့် တည်ထားလိုက်ပါ။ အချိန်ပြည့်တဲ့အခါ ခရမ်းချဉ်သီးအနှစ်များ ရရှိလာပါလိမ့်မယ်။

(၅) အခြားအိုးတစ်လုံးဖြင့် ရေနွေးဆူအောင် တည်ထားလိုက်ပါ။ ဖန်ပုလင်း အလွတ်များကို ပိုးသေသွားဖို့ရန်အတွက် ထိုရေနွေးထဲ ၁၀ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။ ဖန်ပုလင်းရဲ့ အဖုံးတွေကိုလည်း ၁၀ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။

(၆) အချိန်ပြည့်တဲ့အခါ ရေနွေးထဲက ဆယ်ယူပြီးနောက် ဖန်ပုလင်းထဲသို့ သံပုယိုရည် စားပွဲတင်ဇွန်းတစ်ဇွန်းဆီ ထည့်ပေးလိုက်ပါ။ ခရမ်းချဉ်သီးအနှစ်များကိုလည်း ဖန်ပုလင်းထဲသို့ ပေါင်းထည့်လိုက်ပါ။ ပုလင်းအဖုံးပိတ်ဖို့ရန်အတွက် ဖန်ပုလင်းအပေါ်ပိုင်းမှာ လက်မဝက်ခန့် နေရာလွတ်ချန်ထားရပါမယ်။

နောက်ဆုံးမှာတော့ ဖန်ပုလင်းကို အဖုံးပိတ်ပြီး အေးပြီး မှောင်တဲ့နေရာနားမှာ ထားထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိပြီး အာဟာရပြည့်ဝတဲ့အပြင် ဆေးသကြားများ၊ ဓာတုဆိုးဆေးများ လုံးဝမပါဝင်တဲ့ ခရမ်းချဉ်သီးဆော့စ်လေး ရရှိသွားပြီပေါ့။

Source: Thespruceeats.com