အပြင်ဘက် အခွံ အစိမ်းရောင်ရှိပြီး အတွင်းသားက လိမ္မော်ရောင် အဆင်းသဏ္ဍာန်ရှိသော သင်္ဘောသီးသည် အပူပိုင်းဒေသတွင် ပေါက်ရောက်လေ့ရှိသော သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ သင်္ဘောသီးမှည့်ရဲ့အရသာက ချိုဆိမ့်လေးနဲ့ စားလို့လည်း ကောင်းသလို သူ့ရဲ့အစေ့က ငရုတ်ကောင်းစေ့ အရသာမျိုးပါပဲ။ ထိုသစ်သီးကို အစိမ်းလည်း စားနိုင်သလို အချို့ကလည်း ဟင်းချက်ရာတွင် အသုံးပြုကြပါတယ်။

သင်္ဘောသီးများမှာ ပေါက်ရောက်ရာ နေရာဒေသပေါ်မူတည်ပြီး အရွယ်အစားနှင့် ပုံသဏ္ဍာန်များ ကွဲပြားသွားတတ်ပါတယ်။ ဥပမာအားဖြင့် ဟာဝိုင်အီဒေသတွင် တွေ့ရသော သင်္ဘောသီးများမှာ အလုံးသေးပြီး သစ်တော်သီးပုံသဏ္ဍာန်မျိုး ရှိကြပါတယ်။ အာရှနိုင်ငံများတွင် တွေ့ရသော သင်္ဘောသီးများမှာမူ အရွယ်အစား ကြီးမားပါတယ်။

အရွယ်အစား မည်မျှပင် ခြားနားစေကာမူ သင်္ဘောသီးက ပေးစွမ်းတဲ့ အကျိုးကျေးဇူးများကတော့ အတူတူပဲဖြစ်ပါတယ်။ သင်္ဘောသီးများမှာ ဗီတာမင်စီ၊ Antioxidants နဲ့ အခြားသော အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ အရသာရှိပြီး အစာချေစနစ်ကို ကောင်းမွန်စေတာကြောင့် အစာကြွေယ်စေပြီး ဗိုက်အောင့် ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။

သင်္ဘောသီးကို ကြိုက်နှစ်သက်ပေမယ့် အလုံးကြီးပြီး ခွာစားရတာ ခက်ခဲလို့ သင်္ဘောသီးဆိုရင် သိပ်မစားဖြစ်ဘူးဆိုသူများအတွက် ဒီတစ်ခါမှာတော့ အချိန်ကုန်သက်သာပြီး လွယ်ကူလျင်မြန်တဲ့ သင်္ဘောသီး လှီးဖြတ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

၁။ အရင်ဦးဆုံး သင်္ဘောသီးမှည့်တစ်လုံးကို ရွေးချယ်လိုက်ပါ။

၂။ ထို့နောက် ထိုသင်္ဘောသီးကို စဉ်းနီတုံးပေါ်တင်ပြီး ဓားကြီးကြီး အသုံးပြုကာ အလယ်တည့်တည့်ကနေ ထက်ခြမ်း ခြမ်းလိုက်ပါ။

ဒါဆိုရင်တော့ သင်္ဘောသီးစိပ် ၂ စိပ် ရသွားပါပြီ။

၃။ ထို့နောက် သင်္ဘောစေ့များကို ဇွန်းဖြင့် ခပ်ထုပ်လိုက်ပါ။

ထိုသင်္ဘောစေ့များကို မလွှင့်ပစ်လိုက်ပါနဲ့။ လူတောတော်များများက သင်္ဘောစေ့ကို စားလို့မရဘူးထင်ပြီး လွှင့်ပစ်တတ်ကြပါတယ်။ တကယ်တော့ သင်္ဘောစေ့ကို အနည်းအကျဉ်းမျှ စားသုံးပေးသင့်ပါတယ်။ ထိုကဲ့သို့ စားသုံးပေးခြင်းက သင့်ရဲ့အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ သူ့အရသာကတော့ သင်္ဘောသီးလို ချိုမှာတော့ မဟုတ်ပါဘူး။

၄။ အစေ့ဖယ်ရှားပြီးသော သင်္ဘောစိပ်ကို ရေခဲမုန့်ခပ်သော ဇွန်းဖြင့် ကလော်ထုတ်ပြီး သင်္ဘောသီး အလုံးငယ်များဖြစ်သွားအောင် ပြုလုပ်နိုင်ပါတယ်။ ထိုသင်္ဘောသီး အလုံးငယ်လေးများကို အအေးခံပြီး စားသုံးနိုင်ပါတယ်။

၅။ ရေခဲမုန့်ဇွန်း မရှိပါကလည်း စိတ်မညစ်လိုက်ပါနဲ့။

သင်္ဘောသီးကို အခွံခွာပြီးနောက် မိမိကြိုက်နှစ်သက်ရာ အတုံးများ တုံးကာ အရသာရှိရှိ စားသုံးနိုင်ပါတယ်။

အချို့ကတော့ သင်္ဘောသီးကို နို့ဆီ၊ သကြားတို့ဖြင့် ခလောက် စားကြပါတယ်။

ဒါပေမဲ့ ဆီးချိုသမားများကတော့ သင်္ဘောသီး အတုံးများပေါ်သို့ သံပုယိုရည်လေး ဆမ်းထည့်ကာ စားသုံးပေးနိုင်ပါတယ်။

Source: Thespruceeats.com