သခွားသီးက ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်တာကြောင့် အရည်ရွှမ်းပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်။ သခွားသီးစားသုံးခြင်းက သွေးကို အေးမြစေပြီး သွေးလှည့်ပတ်မှုကောင်းမွန်စေပါတယ်။ သခွားသီးစိပ်သေးသေးလေးကို အာခံတွင်းထဲမှာ မိနစ်အနည်းငယ်လောက် ငုံထားမယ်ဆိုရင် ခံတွင်းနံ့ နံခြင်းကို ပျောက်ကင်းစေပါတယ်။

ဒါတင်မကသေးပါဘူး။ ညဘက်မှာ သူငယ်ချင်းတွေနဲ့ သောက်တာများသွားလို့ မနက်ဘက်မှာ ခေါင်းမထောင်နိုင်ဘဲ မူးဝေနေတယ်ဆိုရင်လည်း သခွားသီးဖျော်ရည်က အမူးပြေအောင် ကုသနိုင်ပါသေးတယ်။

ဒီလိုကောင်းကျိုးအမြောက်အမြားပေးစွမ်းတဲ့ သခွားသီးကို တချို့က အခွံခွာစားသလို တချို့ကလည်း အခွံပါ ဝါးစားလေ့ရှိပါတယ်။ တချို့ကလည်း အစေ့ဖယ်ပြီးမှ စားလေ့ရှိသလို တချို့ကလည်း အစေ့ပါ ရောစားလေ့ရှိပါတယ်။

သခွားသီးအစေ့က စားလို့ရတဲ့ အစေ့ဖြစ်တာကြောင့် စားမိမယ်ဆိုရင်လည်း ကျန်းမာရေးအတွက် ဘာဆိုးကျိုးမှ ဖြစ်စေမှာမဟုတ်ပါဘူး။ တကယ်လို့ သင့် အနေနဲ့ သင် ချက်ပြုတ်ပြင်ဆင်တဲ့ ဟင်းလျာပေါ်မူတည်ပြီး အရည်ရွမ်းနေတာမျိုး မလိုချင်ဘူးဆိုရင်တော့ သခွားသီးကို အစေ့ဖယ်ပြီးမှ ချက်ပြုတ်ပြင်ဆင်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

အရင်ဦးဆုံး သခွားသီးကို အခွံခွာလိုက်ပါ။

ပြီးရင် ဇွန်းလေးနဲ့ သခွားသီးအစေ့များကို အသာအယာဖယ်ထုတ်လိုက်ပါ။

ကျန်ရှိတဲ့ သခွားသီးအသားကိုတော့ သင် နှစ်သက်ရာအရွယ်အစားလှီးဖြတ်ပြီးနောက် သင် နှစ်သက်ရာဟင်းလျာအဖြစ် ပြင်ဆင်ချက်ပြုတ်နိုင်ပြီပဲဖြစ်ပါတယ်။

သခွားသီးကို အရသာရှိရှိကြော်စားချင်ပါသလား။

သခွားသီး (၇) လုံး၊ ကြက်ဥ လေးလုံး၊ နွားနို့အနည်းငယ်၊ ဆားအနည်းငယ်၊ ဂျုံမှုန့်အနည်းငယ်၊ ဆီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

ကြက်ဥ၊ နွားနို့နှင့် ဆားတို့ကို မွှေခလောက်လိုက်ပါ။

ဂျုံမှုန့်ကို ပန်းကန်လုံးသပ်သပ်ထဲထည့်ထားပါ။

လှီးထားသောသခွားသီးကို ကြက်ဥထဲထည့်နှစ်ပြီးနောက် ဂျုံမှုန့်နဲ့ ကပ်လိုက်ပါ။

ထို့နောက် ဆီပူထဲထည့်ကြော်ပေးလိုက်ပါ။ ရွှေညိုရောင်သမ်းသွားပြီဆိုရင်တော့ အိုးထဲက ဆယ်ယူကာ အအေးခံပြီးနောက် အရသာရှိရှိ သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေမှာတော့သခွားသီးကို ခရင်မ်နဲ့ သုပ်စားလေ့ရှိပြီး ထိုင်းနိုင်ငံမှာကတော့ မြေပဲ၊ နံနံပင်၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ သံပုယိုရည်တို့နဲ့ သုပ်စားလေ့ရှိပါတယ်။

သင်ရော သခွားသီးကို ဘယ်လိုစတိုင်လ်နဲ့ ချက်ပြုတ်ပြင်ဆင်ထားတာကို နှစ်သက်ပါသလဲ။

Source: Thespruceeats.com