ဖရဲသီးစားရတာ ကြိုက်နှစ်သက်တယ်ဆိုရင် ဖရဲသီးအခွံကိုလည်း အကျိုးရှိစွာအသုံးချတတ်ဖို့လိုပါမယ်။ ဖရဲသီးအခွံကို အေးမြတဲ့သောက်ရေအိုးအဖြစ် ပြောင်းလဲချင်တယ်ဆိုရင်တော့ ပြုလုပ်ရမယ့်နည်းလမ်းလေးက လွယ်လွယ်ကူကူလေးပါပဲ။

ဖရဲသီးသောက်ရေအိုးထဲကို ရေပဲဖြစ်ဖြစ် ဖျော်ရည်ပဲဖြစ်ဖြစ် ထည့်သောက်လို့ရပြီး ရေခဲသေတ္တာမလိုဘဲ သဘာဝအတိုင်း အေးမြသွားစေတဲ့ ရေအိုးလေးပါပဲ။ ဘယ်ပစ္စည်းကိရိယာတွေ လိုအပ်မလဲ ဘယ်လိုပြုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ဖရဲသီးတစ်လုံး၊ ရေပိုက်ခေါင်း တစ်ခု၊ ဓားထက်ထက် တစ်ချောင်း၊ ရေခဲမုန့် ခြစ်သောဇွန်း တစ်ချောင်းတို့ လိုအပ်ပါလိမ့်မယ်။ ဖရဲသီးရွေးဝယ်တဲ့အခါ အစေ့လွတ်ဖရဲသီးလည်း ဝယ်နိုင်သလို အစေ့ပါတဲ့ဖရဲသီးကိုလည်း ရွေးချယ်နိုင်ပါတယ်။

အဆင့် (၁)

ဖရဲသီးကို ရေစင်အောင်ဆေးပြီးနောက် ဖရဲသီး ထောင်ထားလို့ရဖို့အတွက် အောက်ခြေပြားနေရမှာမို့လို့ ဖရဲသီးအောက်ခြေကို အနည်းငယ် လှီးဖြတ်ထားလိုက်ပါ။

အဆင့် (၂)

လှီးဖြတ်ပြီးပြီဆိုရင် ဖရဲသီးကို ထောင်မတ်လို့ရ မရ စမ်းကြည့်ပါ။ အောက်ခြေ မခိုင်သေးရင်တော့ အနည်းငယ် ထပ်မံလှီးဖြတ်ပေးလိုက်ပါ။

အဆင့် (၃)

ဖရဲသီးရဲ့ အပေါ်ပိုင်းကို ၃ လက်မလောက် လှီးဖြတ်ပြီးနောက် ဖရဲသီးအသားများကို ရေခဲမုန့်ခပ်သောဇွန်းဖြင့် ခပ်ထုတ်ပစ်လိုက်ပါ။ ဖရဲသီးအသားများကို ပြောင်စင်အောင် ခပ်ထုတ်ရပါမယ်။ ဒါမှ ရေပိုက်ခေါင်းအပေါက်မှာ ပိတ်ဆို့မှု မရှိမှာပါ။

အဆင့် (၄)

ရေပိုက်ခေါင်း အပေါက်ဖောက်ဖို့ရန်အတွက် ဖရဲသီးရဲ့ အောက်ခြေနားကို “X” ပုံသဏ္ဍာန် ဓားရာ ခပ်သေးသေးပေးထားလိုက်ပါ။ ထို့နောက် စက်ဝိုင်းပုံသဏ္ဍာန် ခပ်သေးသေးလေး ဖွင့်လိုက်ပါ။ ထိုစက်ဝိုင်းက ရေပိုက်ခေါင်းနဲ့ ကွက်တိကျနေရပါမယ်။ ရေပိုက်ခေါင်းထက် အများကြီး ကြီးမနေရပါဘူး။

အဆင့် (၅)

ရေပိုက်ခေါင်းအပေါက် ဖောက်ပြီးသွားပြီဆိုရင်တော့ ရေပိုက်ခေါင်းကို ဖြည်းဖြည်းချင်းစီ ထိုးသွင်းလိုက်ပါ။ ဖရဲသီး ကွဲမသွားဖို့အတွက် သေချာဂရုစိုက်ပေးရပါမယ်။

အဆင့် (၆)

ရေပိုက်ခေါင်းတပ်ရတာ အဆင်ပြေသွားပြီး အကုန်ပြီးပြည့်စုံသွားပြီဆိုရင်တော့ စောစောက ဖရဲသီးအသားတွေကို ဖရဲသီးဖျော်ရည်အဖြစ်ပြောင်းလဲပြီး ဖရဲသီးအိုးထဲ ပြန်ထည့်သောက်လို့လည်း ရသလို ရေအေးလေး ထည့်သောက်မယ်ဆိုလည်း အဆင်ပြေပါတယ်။

ဒါဆိုရင်တော့ အိမ်လုပ် ဖရဲသီးရေအိုးလေး ရရှိသွားပြီပေါ့။ ဒီရေအိုးလေးက ပါတီပွဲတွေ ကျင်းပတဲ့အခါမှာလည်း အလှဆင်မှုတစ်ခုအဖြစ် အသုံးပြုနိုင်ပါသေးတယ်။

Source: helloglow.co