အရသာထူးကဲကောင်းမွန်တဲ့ ဟင်းပွဲတွေကို ပြင်ဆင်ချက်ပြုတ်ချင်ပေမယ့် ဘယ်သူကမှတော့ မီးဖိုချောင်ထဲမှာ တစ်နေကုန် ချက်ပြုတ်ချင်ကြမှာ မဟုတ်ပါဘူး။ အိမ်အလုပ်တစ်ဖက် ရုံးအလုပ်တစ်ဖက် လုပ်နေရတဲ့ အိမ်ရှင်မတွေဆို ပိုဆိုးပါတယ်။ မြန်မြန်ဆန်ဆန်ချက်ပြုတ် ပြင်ဆင်ပြီးမှသာလျှင် တခြားလုပ်စရာ အလုပ်တွေ လုပ်ကိုင်နိုင်မှာပါ။

အရသာရှိတဲ့ ဟင်းပွဲတွေကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ပြင်ဆင်ချက်ပြုတ်ဖို့အတွက် နာမည်ကြီးစားဖိုမှူးတစ်ယောက်ဖြစ်စရာမလိုပါဘူး။ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကိုသာ အသုံးပြုကြည့်လိုက်ပါ။

ကြက်သွန်နီကြော်တဲ့အခါ မုန့်ဖုတ်ဆိုဒါ ထည့်အုပ်ပြီး ကြော်လိုက်ပါ

ကြက်သွန်နီ ၂ ပေါင်ခန့် ကြော်မယ်ဆိုရင် မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း တစ်ဝက် (သို့မဟုတ်) စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ကြော်ပေးလိုက်ပါ။ ကြက်သွန်ဖြူက ရွှေညိုရောင်ပြောင်းသွားဖို့ အချိန်အကြာကြီး စောင့်စရာမလိုတော့ပါဘူး။

ဒိန်ခဲတွေကို အချောင်းချောင်းလေးဖြစ်သွားအောင် ခြစ်ချချင်တယ်ဆိုရင်

ဒိန်ခဲကို ရေခဲသေတ္တာထဲမှာ အေးခဲအောင် ထည့်မထားဘဲနဲ့ အခန်းအပူချိန်အတိုင်း ထားထားလိုက်ပါ။ ဒါဆိုရင် ဒိန်ခဲက ပျော့သွားပြီး ခြစ်ချရ လွယ်သွားပါလိမ့်မယ်။

ခေါက်ဆွဲခြောက်အချောင်းများကို ရေစိမ်ထားပါ

ပါစတာ လုပ်စားတဲ့အခါ ခေါက်ဆွဲခြောက်ကို ရေထဲမှာ နာရီအတော်ကြာ (သို့မဟုတ်) တစ်ညလောက် စိမ်ထားလိုက်ပါ။ ထို့နောက် ရေစိမ်ထားတဲ့ ခေါက်ဆွဲခြောက်တွေကို ပွက်ပွက်ဆူနေတဲ့ရေနွေးထဲ စိမ်ပြီးသွားပြီဆိုရင်တော့ ပါစတာလေးကို ဆော့စ်အနှစ်များ ဖြူးထည့်လိုက်တာနဲ့တင် စားလို့ရသွားပါပြီ။

အသားကြော်များ၊ အသားစတူးများ လုပ်စားဖို့ရန်အတွက် အသားများကို အအေးခံထားလိုက်ပါ

အအေးခံထားတဲ့ အသားတွေက လှီးဖြတ်ရာမှာလည်း ပိုမိုလွယ်ကူစွာနဲ့ ညီညီညာညာလှီးဖြတ်နိုင်သလို ချက်ပြုတ်တဲ့အခါမှာလည်း အကျက်မြန်စေမှာပဲ ဖြစ်ပါတယ်။

အသားကြော်တွေ အများကြီးကျန်သေးတယ်ဆိုရင် မလွှင့်ပစ်ပါနဲ့

ကြက်ကင်၊ ဝက်သားကင်တွေ ပြင်ဆင်ချက်ပြုတ်ရတယ်ဆိုတာ အချိန်တော်တော်ကုန်ပါတယ်။ ဒါပေမဲ့ မွေးနေ့ပါတီပွဲတွေမှာ တည်ခင်းဧည့်ခံဖို့ အတွက်ဆိုရင်တော့ အံ့ကိုက်ပါပဲ။ အများကြီး ပြင်ဆင်ထားတဲ့ ကြက်ကင်၊ ဘဲကင်တွေက မကုန်ဘူးဆိုရင် ရေခဲသေတ္တာထဲမှာ ပြန်သိမ်းထားလိုက်ပါ။ နောက်နေ့တွေကျရင် ဟင်းအမယ်မျိုးစုံ ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။ ဟမ်ဘာဂါ၊ အသားညှပ်ပေါင်မုန့် စတာတွေ စားတဲ့အခါမှာလည်း အသုံးပြုနိုင်သလို အသုပ် သုပ်စားတဲ့အခါမှာလည်း ပါဝင်ပစ္စည်းတစ်မျိုးအဖြစ် အသုံးတည့်ပါသေးတယ်။

အာလူးအခွံကို မြန်မြန်ဆန်ဆန်ခွာနည်း

ပွက်ပွက်ဆူနေတဲ့ရေနွေးထဲသို့ အာလူးကို စက္ကန့် ၃၀ လောက် ထည့်လိုက်ပါ။ စက္ကန့် ၃၀ ပြည့်တာနဲ့ ချက်ချင်းပဲ ရေအေးအေးလေးထဲမှာ စက္ကန့် ၃၀ ခန့် ထည့်စိမ်ထားလိုက်ပါ။ ဒါဆိုရင်တော့ အာလူးအခွံကို ဓားမလိုဘဲနဲ့ လက်ချည်းသပ်သပ်ခွာနိုင်ပြီပဲဖြစ်ပါတယ်။ ဒါက အပူချိန်ကွာခြားချက်ကြောင့်ပဲ ဖြစ်ပါတယ်။

နောက်နည်းလမ်းတစ်မျိုးကတော့ ဆားရေထဲမှာ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ထည့်စိမ်ထားရမှာပဲဖြစ်ပါတယ်။

Source: Brightside.me