အားလုံးပဲ မင်္ဂလာပါ။ မီးဖိုချောင်သုံးပစ္စည်းများကို အချိန်တိုအတွင်း သန့်ရှင်းရေးပြုလုပ်ဖို့အတွက် ဈေးကြီးသောပစ္စည်းကိရိယာများ မလိုအပ်ပါဘူး။

မုန့်ဖုတ်ဆိုဒါ၊ ရှာလကာရည်၊ သံပုရာသီး၊ သွားတိုက်ဆေး၊ ဆား အစရှိတဲ့ မိမိအိမ်မှာရှိပြီးသား ပစ္စည်းများ၊ အစားအစာများနဲ့ သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတဲ့ လုပ်နည်းအမျိုးမျိုးကိုတော့ အောက်မှာဆက်လက်ဖော်ပြပေးထားတာကြောင့် အတူတူလေ့လာကြည့်လိုက်ရအောင်လား။

ဖန်ခွက်တွင် ကော်ဖီ (သို့မဟုတ်) လက်ဖက်ရည်များ စွန်းထင်းသွားတဲ့အခါ

Source: Pinterest.com

ကော်ဖီ၊ လက်ဖက်ရည်သောက်ပြီးပြီးချင်း ခွက်မဆေးမိတဲ့အခါ ဖန်ခွက်မှာ ကော်ဖီ၊ လက်ဖက်ရည်တို့ စွန်းထင်းတတ်ပါတယ်။ ထိုအခါ ဖန်ခွက်ထဲသို့ မုန့်ဖုတ်ဆိုဒါအနည်းငယ်နှင့် ရှာလကာရည်တို့ ထည့်ပြီးနောက် သမအောင် မွှေလိုက်ပါ။ ပြီးရင် ခွက်နံရံတွေကို ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ရေဆေးချလိုက်မယ်ဆိုရင်တော့ သင့်ရဲဖန်ခွက်က အသစ်အတိုင်း သစ်လွင်နေမှာပဲဖြစ်ပါတယ်။

ပန်းကန်အသုံးအဆောင်ပစ္စည်းတွေပေါ်မှာ ကပ်ထားတဲ့ စတေကာကို အလွယ်တကူခွာနည်း

Source: Fullybest.co

ဇလုံအကြီးတစ်လုံးတွင် ရေထည့်ထားပါ။ ထို့နောက် မျက်နှာသစ်ဆေး အနည်းငယ်ထည့်ကာ သမအောင်မွှေပေးလိုက်ပါ။ ပြီးရင်တော့ မိမိ စတေကာခွာလိုသည့် ပန်းကန် (သို့) ဖန်ခွက်ကို ထိုဇလုံထဲတွင် ငါးမိနစ်ခန့် စိမ်ထားလိုက်ပါ။ ငါးမိနစ်ပြည့်တဲ့အခါမှာတော့ အလွယ်တကူခွာလိုက်လို့ရပါပြီ။

သစ်သီးဖျော်စက်နဲ့ အခြားသောအသုံးအဆောင်ပစ္စည်းများက ညစ်ပတ်ပေရေနေတဲ့အခါ

မိမိအသုံးမပြုတော့တဲ့ သွားတိုက်တံပေါ်သို့ သွားတိုက်ဆေးအနည်းငယ် ညစ်ထည့်ပြီးနောက် ညစ်ထေးနေသော နေရာတစ်ဝိုက်ပေါ်တွင် တိုက်ချွတ်ပေးလိုက်ပါ။ သစ်သီးဖျော်စက်ရဲ့ ဝါယာကြိုးအဖြူရောင်က မဲပြီး ညစ်ပတ်နေတယ်ဆိုရင်လည်း ထိုသွားတိုက်ဆေးဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင်တော့ အဝတ်စဖြင့် ပြန်လည်တိုက်ချွတ်ပေးလိုက်တဲ့အခါမှာတော့ မဲညစ်နေသောအရာများ ပျောက်ကွယ်သွားပါလိမ့်မယ်။

ညစ်ပတ်နေတဲ့ စဉ်းနီတုံးကို ဘယ်လိုသန့်ရှင်းရေး လုပ်သင့်သလဲ

စဉ်းနီတုံးပေါ်တွင် မုန့်ဖုတ်ဆိုဒါအနည်းငယ် ဖြူးထားလိုက်ပါ။ သံပုရာသီးကို ထက်ခြမ်း ခြမ်းပြီးနောက် ထိုသံပုရာသီးဖြင့် စဉ်းနီတုံးမျက်နှာပြင်ကို ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ရေဖြင့် ဆေးကြောပေးလိုက်တဲ့အခါမှာတော့ သင့်စဉ်းနီတုံးက သန့်ရှင်းတောက်ပြောင်သွားပါလိမ့်မယ်။

ကြမ်းပြင်ပေါ် (သို့) စားပွဲပေါ်သို့ ဟင်းအဆီများ ဖိတ်သွားလို့ ချွဲကျိကျိ ကပ်စေးစေးဖြစ်နေတဲ့အခါ

Source: Freepik.com

ထိုဆီကွက်ပေါ်သို့ ဆားဖြူးလိုက်ပါ။ ထို့နောက် ဇွန်းဖြင့် ဆားကို ညီညာအောင် ဖြန့်ပေးလိုက်ပါ။ မိနစ်အနည်းငယ်အကြာစောင့်ပြီးနောက် အဝတ်စဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ ဆားက ဆီကို စုပ်ယူနိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့် စေးကပ်ကပ် ချွဲကျိကျိဖြစ်ခြင်းများ ပျောက်ကင်းသွားပါလိမ့်မယ်။

Source: Artkala.com