ဗီယက်နမ်နိုင်ငံရှိစူပါမားကတ်များက ထိုင်းနိုင်ငံက စူပါမားကတ်တွေလိုပဲ ပလပ်စတစ်အိတ်အစား ငှက်ပျောရွက်တွေကို အစားထိုးအသုံးပြုလာကြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာတည်ရှိတဲ့ စူပါမားကတ်တစ်ခုက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့နည်းလမ်း အသုံးပြုပြီး အစားအသောက်များကို ထုပ်ပိုးခဲ့ပါတယ်။ ထိုထုပ်ပိုးမှုစနစ်ကို ပြီးခဲ့တဲ့အပတ်က သူတို့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ တင်လိုက်တဲ့အခါမှာတော့ ချီးကျူးမှုအမြောက်အမြား ရရှိခဲ့ပါတယ်။

ထိုကြီးမြတ်မြင့်မြတ်တဲ့ အကြံဥာဏ်ကောင်းက အင်တာနက်အသုံးပြုသူတွေအကြားမှာ အင်မတန်ရေပန်းစားခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံက စူပါမားကတ်တွေကြားမှာလည်း ထိုအကြောင်းအရာက ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။

Lottee Mart ၊ Saigon Co.op နဲ့ Big C စတဲ့ ဗီယက်နမ်နိုင်ငံက အကြီးစား စူပါမားကတ်တွေကလည်း ထိုင်းနိုင်ငံက စူပါမားကတ်တွေလိုပဲ ငှက်ပျောရွက်အစားထိုးကာ စမ်းသပ် အသုံးပြုလာကြပါတယ်။

Lottee Mart ရဲ့ ဆိုင်ခွဲ ကိုယ်စားလှယ်ရဲ့ ပြောပြချက်အရ ဒီနည်းလမ်းက အခုမှ စမ်းသပ်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ များမကြာခင်မှာ နိုင်ငံတစ်နိုင်ငံလုံး ပလစ်စတစ်အစား ငှက်ပျောရွက်တွေ အစားထိုးအသုံးပြုနိုင်ဖို့လည်း စီစဉ်ထားကြပါတယ်လို့ VnExpress အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

ဒီလိုထုပ်ပိုးမှုစနစ်က သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ထုပ်ပိုးဖို့မဟုတ်ဘဲ အသားငါး စတဲ့ ထုတ်ကုန်ပစ္စည်းတွေကို လတ်လတ်ဆတ်ဆတ်ထုပ်ပိုးနိုင်ဖို့အတွက် ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။

ဈေးဝယ်သူတွေကလည်း ဒီလိုကြိုးပမ်းဆောင်ရွက်မှုတွေကို ချိုးကျုးဂုဏ်ပြုမဆုံးဖြတ်နေကြပါတယ်။

“ဟင်းသီးဟင်းရွက်တွေကို အခုလိုမျိုး ငှက်ပျောရွက်လေးတွေနဲ့ လှလှပပထုပ်ပိုးထားတာမြင်ရတော့ ပုံမှန်ဝယ်နေကျထက်ပိုပြီး အများကြီးဝယ်ချင်စိတ်တွေပေါ်လာတယ်လို့ Hoa အမည်ရှိ ဈေးဝယ်သူတစ်ဦးက ပြောပြထားပါတယ်။ “ဒီပဏာမခြေလှမ်းက ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံးကို မိမိပတ်ဝန်းကျင်ကို ဂရုတစိုက်ထိန်းသိမ်းတတ်ဖို့ သတိပေးနေမှာပဲဖြစ်ပါတယ်။”

ယခုကဲ့သို့ ပလပ်စတစ်အစားထိုးအသုံးပြုလာခြင်းကို ဈေးဝယ်သူအများအပြားကလည်း ကြိုဆိုလာကြပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချရာလည်း ရောက်တယ်လို့ VN Express ရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

Big C စူပါမားကတ်ကလည်း ပြောင်းဖူးပေါင်ဒါအသုံးပြုထားသော ဘက်တီးရီးယားပိုးမွှားများကို ဖျက်ဆီးပစ်နိုင်တဲ့ အိတ်များလည်း အသုံးပြုနေကြပါတယ်။

ပင်လယ်ထဲသို့ ပလပ်စတစ်အိတ် စွန့်ပစ်မှုအများဆုံး ကမ္ဘာ့အဆင့်လေး နေရာမှာ ရပ်တည်နေတဲ့ ဗီယက်နမ်နိုင်ငံက ယခုကဲ့သို့ အားစိုက်ထုတ်မှုအမြောက်အမြားလိုအပ်နေတာပဲဖြစ်ပါတယ်။

မကြာသေးခင်ကမှ လေ့လာတွေ့ရှိချက်အရ ဗီယက်နမ်ပြည်သူတွေ စွန့်ပစ်တဲ့ အမှိုက်အိတ်က တစ်ရက်တည်းမှာတင်ကိုပဲ တန်ချိန်ပေါင်း ၂၅၀၀ ကျော်လောက်ရှိတာပါ။

Vice ရဲ့ သတင်းပေးပို့ချက်အရ အာရှနိုင်ငံတွေမှာ ပလပ်စတစ်အိတ်အသုံးပြုမှုကို ပယ်ဖျက်ခြင်း (သို့) လျော့ချခြင်းတို့က ခေတ်စားလာတာပဲဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံက မကြာသေးမှီကပဲ ဈေးဝယ်သူတွေအတွက် ပလစ်စတစ်အိတ်အစား ပြန်လည်အသုံးပြုနိုင်မယ့် ထည့်စရာပစ္စည်းလေးတွေကို အသုံးပြုစေခဲ့ပါတယ်။

စင်္ကာပူနိုင်ငံမှ စူပါမားကတ်တွေကလည်း ပြည်သူထူထုကို ပလပ်စတစ်အိတ်အသုံးချမှု လျော့ချရေးလုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးနေပါတယ်။

တရုတ်နိုင်ငံမှာကတော့ ၂၀၀၈ ခုနှစ်ကတည်းက ပါးလွှာတဲ့ ပလပ်စတစ်အိတ်အသုံးပြုမှုကို တားဆီးလာခဲ့ရာ ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့အခါမှာတော့ ပလစ်စတစ်အိတ်အသုံးပြုမှုက ၆၆ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီပဲဖြစ်ပါတယ်။

Source: nextshark.com