၁၉၁၃ ခုနှစ်ကတည်းက ရေခဲသေတ္တာများကို အစားအစာများ အအေးခံဖို့ရန်အတွက်နှင့် ပိုမိုကြာရှည်ခံပြီး လတ်လတ်ဆတ်ဆတ်အထားခံဖို့ရန်အတွက် အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ရှိသမျှအစားအစာအားလုံးကို ရေခဲသေတ္တထဲ ထည့်သိမ်းဖို့ရန်အတွက် မသင့်တော်ပါဘူး။

ဘယ်လိုအစားအစာမျိုးကို ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်ဘူးလဲ။ ဘာ့ကြောင့် ထည့်မသိမ်းသင့်သလဲဆိုတာကို ဗဟုသုတအနေနဲ့ အတူတူလေ့လာကြည့်လိုက်ကြရအောင်။

ထောပတ်သီး

ထောပတ်သီးကို သာမန်အခန်းအပူချိန်အတိုင်း ထားထားမယ်ဆိုရင်တော့ ထောပတ်သီး အမှည့်မြန်ပါတယ်။

ပင်စိမ်းရွက်၊ နံနံပင်နှင့် အခြားသော အမွှေးအကြိုက်အပင်များ

ထိုဟင်းရွက်များရဲ့ ပင်စည်ကို ရေထဲစိမ်ထားပြီး သာမန်အပူချိန်အတိုင်းပဲ ထားခြင်းက ပိုမိုအာနိသင်ရှိပြီး ဟင်းချက်တဲ့အခါမှာလည်း အနံ့ပိုမွှေးမှာ ဖြစ်ပါတယ်။

ငရုတ်ပွ

ငရုတ်ပွတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းတဲ့အခါ သူ့ရဲ့ ကြွပ်ဆပ်မှုက လျော့နည်းသွားပြီး ငရုတ်ပွက ညှိုးနွမ်းလွယ်တတ်ပါတယ်။

သခွားသီး

လူတော်တော်များများ ပြုလုပ်မိတဲ့အမှားကတော့ သခွားသီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းမိခြင်းပဲဖြစ်ပါတယ်။ သခွားသီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းမိတဲ့အခါ အသီးက အရည်ရွမ်းလွန်ပြီး အစေ့များကလည်း အသီးထဲမှ ထွက်လာတတ်ပါတယ်။

ရေခဲသေတ္တာထဲ ထည့်သိမ်းချင်တယ်ဆိုရင်တော ပလစ်စတစ်ဖြင့် သေချာပတ်ထားခြင်းအားဖြင့် စိုထိုင်းဆကို လျော့ချနိုင်ပါတယ်။

သနပ်ချဉ်များ

သရက်သီးသနပ်၊ သခွားသီးသနပ်၊ မရမ်းသီးသနပ် စတဲ့ သနပ်ချဉ်တွေက ကြာရှည်ခံအောင် စိမ်းထားပြီးသားဖြစ်တဲ့အတွက်ကြောင့် ရေခဲသေတ္တာထဲ တကူးတကထည့်သိမ်းစရာမလိုတော့ပါဘူး။

ကြက်သွန်နီ

ကြက်သွန်နီတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းမယ်ဆိုရင် ရေခဲသေတ္တာရဲ့စိုထိုင်းဆကြောင့် ကြက်သွန်နီက ပျော့ပြီး မှိုတက်သွားပါလိမ့်မယ်။ ကြက်သွန်နီကို အထားခံချင်တယ်ဆိုရင် အေး၍ခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းထားပါ။ ဒါပေမဲ့ ပလစ်စတစ်အိတ်ထဲ ထည့်သိမ်းထားခြင်း၊ အာလူးများနှင့် ရောထည့်ထားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်နီလိုပဲ ကြက်သွန်ဖြူကိုလည်း အေးပြီးခြောက်သွေ့တဲ့ နေရာမှာ သိမ်းထားသင့်ပါတယ်။

အာလူး

အာလူးများကို သိမ်းဆည်းဖို့အကောင်းဆုံးနေရာကတော့ စက္ကူအိတ်ပဲဖြစ်ပါတယ်။ ရေခဲသေတ္တာရဲ့စိုထိုင်းဆက အာလူးစားတဲ့အခါ သဲတွေရောစားနေရသလို ခံစားရစေပြီး ချိုရဲရဲအရသာ ဖြစ်ပေါ်စေပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ မထည့်ဘဲ အခန်းအပူချိန်အတိုင်း ထားခြင်းအားဖြင့် အရသာပိုရှိပြီး အရည်ပိုရွှမ်းပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီး မှည့်ဖို့အတွက် နွေးထွေးတဲ့အပူချိန် လိုအပ်ပါတယ်။ ဒါ့ကြောင့် ရေခဲသေတ္တာက ငှက်ပျောသီး ထည့်သိမ်းထားသင့်တဲ့ နေရာကောင်းတစ်ခု မဟုတ်ပါဘူး။

Source: Delish.com