အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သပ်သတ်လွတ်သမားများ အကြိုက်တွေ့စေမယ့် ရွှေဖရုံသီး အပ်မှိုသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

၁၀ မိနစ်လောက် အချိန်ပေးရုံနဲ့ အရသာရှိတဲ့ အပ်မှိုသုပ်ကို ဘယ်လိုလုပ်စားရမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ

• အပ်မှို ၃ အောင်စခန့်
• ရွှေဖရုံသီး လေးပုံတစ်ပုံ (အချောင်းလိုက် လှီးဖြတ်ထားပါ)
• ရေ တစ်လီတာ (ရေထဲသို့ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ဆီအနည်းငယ် ထည့်ထားပါ)
• ပါးပါးလှီးထားသော ကြက်သွန်မြိတ် လက်တစ်ဆုပ်စာခန့်
• မြေပဲ လက်တစ်ဆုပ်စာခန့်

အချဉ်ရည်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ

• သကြား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
• ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးထဲသို့ ဆားနှင့် ဆီထည့်ထားသော ရေတစ်လီတာထည့်ပြီး ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက မှိုနှင့် ရွှေဖရုံသီးတို့ ထည့်ပြုတ်ပေးလိုက်ပါ။

၂။ ရွှေဖရုံသီး ကျက်လာသည်အထိ နှစ်မိနစ်ခန့် တည်ထားပေးရပါမယ်။ အဆက်မပြတ်မွှေပေးဖို့လည်း လိုအပ်ပါတယ်။

၃။ ထို့နောက် ရွှေဖရုံသီးနှင့် အပ်မှိုတို့ကို ဆယ်ယူလိုက်ပြီး ပန်းကန်ထဲပြောင်းထည့်လိုက်ပါ။ သကြား၊ ရှာလကာရည်နှင့် ပဲငံပြာရည်တို့ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။ ကြက်သွန်မြိတ်ကို အပေါ်မှ ဖြူးထားလိုက်ပါ။

၄။ နှမ်းဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးလိုက်ပါ။ ဆီပူလာပါက ဆီကို ကြက်သွန်မြိတ်အပေါ်မှာ လောင်းချပေးလိုက်ပါ။

၅။ ထို့နောက် မြေပဲများ ထပ်ဖြူးပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ရွှေဖရုံသီး အပ်မှိုသုပ်ကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

သင့်အနေနဲ့ သပ်သတ်လွတ်မကြိုက်ဘူး။ အသားတစ်မျိုးမျိုးထည့်ချင်တယ်ဆိုရင်တော့ ဝက်သား (သို့) ကြက်သား မိမိကြိုက်နှစ်သက်ရာတစ်မျိုးမျိုး ထည့်စားနိုင်ပါသေးတယ်။

Source: Spicetheplate.com