သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ပေါင်မုန့်များကို ရေခဲသေတ္တာထဲမှာ အများဆုံး သိုလှောင်ဖြစ်ကြပါတယ်။ အချို့ကျတော့ ဆော့စ်များ၊ စည်သွပ်ဘူးများကို ထည့်သိမ်းထားလေ့ရှိပါတယ်။ ထိုကဲ့သို့ ထည့်သိမ်းထားခြင်းက အစားအသောက်များကို ကြာရှည်ခံစေတယ်ဆိုပေမယ့် ကျန်းမာရေးကိုတော့ ထိခိုက်စေပါတယ်။

ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်စေဖို့အတွက် ဘယ်လိုအစားအစာတွေကိုတော့ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းသင့်တယ်၊ ဘယ်လိုအစားအစာကိုတော့ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့သင့်သလဲ စတဲ့ အချက်များကို ဖော်ပြပေးချင်ပါတယ်။

ကြောင်အိမ်ထဲမှာ ထည့်သိမ်းထားသင့်ပြီး နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ

ပေါင်မုန့်တွေ ဝယ်လာပြီးတဲ့အခါ ကြွပ်ကြွပ်အိတ်ထဲမှာသာ ထည့်သိမ်းထားလေ့ရှိပါတယ်။ ဒီလိုထည့်သိမ်းထားခြင်းက လေဝင်လေထွက် ပိတ်သွားတာကြောင့် ၂ ရက်လောက်ကြာလာတဲ့အခါ ပေါင်မုန့်က မှိုတတ်သွားတတ်ပါတယ်။ ဒါပေမဲ့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင်လည်း ပေါင်မုန့်ကို အောက်သိုးသိုးအနံ့ နံစေပါတယ်။

ချောကလက်ကို ရေခဲသေတ္တာထဲ ထည့်ထားပါက အပူချိန်အပြောင်းအလဲက ချောကလက်ရဲ့အရသာကို ပြောင်းလဲသွားစေပါတယ်။ ဒါ့ကြောင့် မှောင်ပြီး အလင်းရောင်ထိတွေ့မှုမရှိတဲ့ နေရာမှာ သိမ်းထားသင့်ပါတယ်။

ပျားရည်ကို ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင်တော့ ပုံဆောင်ခဲများ ဖြစ်သွားစေပြီး ပျားရည်ရဲ့အစွမ်းသတ္တိများ ပျက်ပြယ်သွားစေပါတယ်။

သံလွင်ဆီကိုတော့ ပြင်ပက အခန်းအပူချိန်နဲ့ ညီမျှတဲ့အပူချိန်ထဲမှာသာ ထားသင့်ပြီး ရေခဲသေတ္တာရဲ့ အေးတဲ့အပူချိန်ကတော့ ဆီကို အဖြူကွက်များ ထစေပါတယ်။

ကြက်သွန်တွေကိုတော့ အေးပြီး ခြောက်သွေ့တဲ့နေရာမှာ ထားသင့်ပါတယ်။ ဥပမာ သေတ္တာ (သို့) ခြင်းတစ်လုံးထဲထည့်ပြီး ကြောင်အိမ်ထဲမှာ သိမ်းထားလိုက်ပါ။

ထမင်းစား စားပွဲ (သို့) စင်ပေါ်တွင် သိမ်းထားသင့်သော အစားအစာများ

လိမ္မော်သီး၊ ထောပတ်သီး၊ သခွားသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီးတို့ကိုတော့ စားပွဲ (သို့) စင်ပေါ်မှာ သိမ်းထားသင့်ပါတယ်။ သို့သော နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ရေခဲသေတ္တာထဲ ထည့်ထားတဲ့အခါမှာလည်း သူတို့ရဲ့အာဟာရဓာတ်များကို ဆုံးရှုံးသွားတတ်ပါတယ်။

ရေခဲသေတ္တာထဲတွင် ထည့်သိမ်းသင့်သော အစားအစာများ

ကြက်ဥ၊ ဂျုံ၊ မြေပဲ၊ တရုတ်နံနံ စတဲ့ အစားအစာတွေကိုတော့ ရေခဲသေတ္တာထဲ ထည့်သိမ်းတာ အကောင်းဆုံးပါပဲ။ တရုတ်နံနံကို ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တယ်ဆိုပေမယ့် သူ့ရဲ့မျိုးနွယ်ဝင် နံနံပင်ကိုတော့ ရေခဲသေတ္တာထဲ မထည့်သင့်ပါဘူး။

Source: Brightside.me

Featured Image Source: NBC News