အစားအစာများ ကြာရှည်ခံဖို့အတွက်ဆို များသောအားဖြင့်တော့ ရေခဲသေတ္တာထဲမှာပဲ စုပုံပြီး သိမ်းဆည်းထားတတ်ကြပါတယ်။ ဒါပေမဲ့ ရေခဲသေတ္တာထဲမှာလည်း တစ်ပတ်ထက် ပိုမခံပါဘူး။ ဒါဆိုရင် အစားအစာတွေကို လတ်လတ်ဆတ်ဆတ်နဲ့ ကြာရှည်ခံအောင် ဘယ်လိုလုပ်ရမလဲ။

အခုဖော်ပြပါ နည်းလမ်းများကို လေ့လာပြီး သက်ဆိုင်ရာ အစားအစာများအတွက် သက်ဆိုင်ရာနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

ဂေါ်ဖီထုပ်ကို နှစ်ပတ်ထက် ပိုကြာရှည်ခံဖို့ဆိုရင်

ဂေါ်ဖီထုပ်ကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်သိမ်းမယ့်အစား ရေခဲသေတ္တာထဲရှိအံဆွဲပုံးထဲမှာ ဒီအတိုင်း ထည့်သိမ်းထားလိုက်ပါ။ ၂ ပတ်ကျော်တာတောင်မှ လတ်လတ်ဆတ်ဆတ်ရှိနေတုန်းပါပဲ။

ဟင်းနုနွယ်နှင့် ဆလပ်ရွက်

ဟင်းနုနွယ်နဲ့ ဆလပ်ရွက်ကို ရေအေးနဲ့ စင်ကြယ်အောင် ဆေးပြီး ပန်းကန်လုံးထဲမှာ တစ်လွှာချင်းစီ ထည့်ထားလိုက်ပါ။ ထို့နောက် ပန်းကန်လုံးကို ပလပ်စတစ်ဖြင့် လုံအောင် အုပ်ထားပြီးနောက် ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားနိုင်ပါတယ်။

ကြက်သွန်နီကို ရေခဲသေတ္တာထဲမှာ ဘာ့ကြောင့် မထည့်သင့်သလဲ။

ရေခဲသေတ္တာထဲ ထည့်ထားတဲ့အခါ အစိုပြန်တဲ့အတွက်ကြောင့် ကြက်သွန်နီတွေက ကြာရှည်ခံမှာမဟုတ်ပါဘူး။ ဒါ့အပြင် ရေခဲသေတ္တာထဲရှိ အခြားအစားအစာတွေကလည်း ကြက်သွန်နံ့ နံတတ်ပါတယ်။ ကြက်သွန်နီ သိမ်းထားလို့ အကောင်းဆုံးနေရာကတော့ လေဝင်လေထွက်ကောင်းတဲ့ ခြင်းတောင်းထဲမှာ သိမ်းထားလိုက်ပါ။ နောက်ထပ်သတိထားရမယ့်အချက်တစ်ခုကတော့ ကြက်သွန်တွေကို အာလူးနဲ့ ရောမထားဖို့လည်း လိုပါတယ်။

ချိစ်တုံးများကို ဘယ်လိုသိမ်းဆည်းသင့်သလဲ။

ပလပ်စတစ်တွေကတော့ ချိစ်တွေရဲ့အဓိကရန်သူပါပဲ။ ပလပ်စတစ်အိတ်နဲ့ ထုပ်ပိုးထားတဲ့ ချိစ်တွေကို တစ်ခါထုတ်သုံးပြီးသွားတဲ့အခါ ပြန်သိမ်းထားဖို့အတွက် ဖယောင်းစက္ကူနဲ့ အရင်ထုပ်ပိုးလိုက်ပါ။ ပြီးမှ ပလပ်စတစ်အိတ်ထဲ ပြန်သိမ်းထားမယ်ဆိုရင်တော့ အကြာကြီး အထားခံပါတယ်။

မုန်လာဥနီတွေကို အာဟာရဓာတ်များ မပြယ်သွားအောင် ဘယ်လိုသိမ်းထားသင့်သလဲ။

မုန်လာဥနီမှာ ပါတဲ့ အရွက်များကို အရင်ဦးဆုံး ဖယ်ရှားပေးဖို့ လိုပါလိမ့်မယ်။ ထိုအရွက်များက မုန်လာဥနီရဲ့အာဟာရဓာတ်နဲ့ အစိုဓာတ်များကို စုပ်ယူလိုက်တဲ့အတွက်ကြောင့် အရွက်များကို ဖယ်ရှားပြီးနောက် ရေခဲသေတ္တာထဲရှိ ဟင်းရွက်ပုံးထဲမှာ တန်းသိမ်းထားနိုင်ပါတယ်။ ပလပ်စတစ်အိတ်ထဲ ထည့်သိမ်းခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

သံပုရာသီးများကို တစ်လတိတိအထားခံဖို့အတွက်

သံပုရာသီးများကို ပလပ်စတစ်အိတ်ထဲ ထည့်ထားပြီးနောက် လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။ ရေခဲသေတ္တာထဲ မသိမ်းချင်ဘူး အပြင်မှာပဲ ကြွပ်ကြွပ်အိတ်လေးနဲ့ ထုပ်ပိုးထားချင်တယ်ဆိုရင်တော့ တစ်ပတ်တိတိ လတ်လတ်ဆတ်ဆတ် ရှိနေဆဲပါပဲ။

Source: Brightside.me