အာလူးကို ကြော်ပဲစားမလား၊ ချက်ပဲစားမလား၊ ဒါမှမဟုတ် အာလူးထောင်း၊ အာလူးကတ်တလစ် စသည်ဖြင့် နည်းလမ်းမျိုးစုံ စားသုံးနိုင်တာကြောင့် လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်ကြပါတယ်။ လူမျိုးမရွေးကြိုက်နှစ်သက်ကြတဲ့ အာလူးကို အခွံခွာတဲ့အခါ အာလူးအခွံကို လွှင့်ပစ်တတ်ကြပါတယ်။

ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့နောက်မှာတော့ ဘာ့ကြောင့်အာလူးအခွံကို မလွှင့်ပစ်သင့်ဘူးလဲဆိုတာကို သိရှိသွားပါလိမ့်မယ်။

အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ခြင်း

Source: downtoearth.org.in

အာလူးအခွံထဲမှာ ပိုတက်စီယမ်၊ သံဓာတ်နဲ့ ဗီတာမင် B3 ဓာတ်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ထိုအာလူးအခွံကို အကျိုးရှိရှိအသုံးချမယ်ဆိုရင် အာရုံကြောစနစ်နဲ့ ကြွက်သားများအတွက် အကျိုးရှိပါတယ်။ ထိုအာဟာရဓာတ်များက ကျန်းမာပျော်ရွှင်တဲ့ဘဝ ရရှိပိုင်ဆိုင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ခြင်း

Source: express.co.uk

အမျှင်ဓာတ်က အချိန်အကြာကြီးဗိုက်ပြည့်နေအောင် ကူညီပေးတာကြောင့် ဝိတ်ကျချင်သူများအတွက် အကောင်းဆုံးအာဟာရဓာတ်တစ်ခုပဲဖြစ်ပါတယ်။ ကိုလက်စတောပမာဏကို လျော့ချပေးတာကြောင့် နှလုံးရောဂါ မခံစားရအောင်လည်း အမျှင်ဓာတ်က ကူညီပေးပါတယ်။

ဆံပင်ဖြူများ ပြန်လည်မဲနက်လာအောင် ကူညီပေးခြင်း

Source: Stylecraze.com

အာလူးအခွံများကို ဒယ်အိုးထဲထည့်ပြီးနောက် ရေ ၅၀၀ မီလီလီတာခန့်ထည့်လိုက်ကာ ဆူပွက်လာအောင် တည်လိုက်ပါ။ ဆူပွက်လာပါက မီးလျော့ပြီး ၅ မိနစ်ခန့် ထပ်တည်ပေးရပါမယ်။ အချိန်ပြည့်ပါက မီးပိတ်ပြီး အာလူးအရည်များ အေးလာအောင် အအေးခံလိုက်ပါ။ အေးလာပါက အာလူးအခွံများဖယ်ထုတ်ပြီး အရည်စစ်လိုက်ပါ။ ရရှိလာတဲ့အရည်ကို သဘာဝအဆီတစ်မျိုးမျိုးနဲ့ ရောနှောပြီးနောက် ခေါင်းလျှော်ပြီးချိန်တိုင်းမှာ ခေါင်းလိမ်းဆီအဖြစ် အသုံးပြုပေးနိုင်ပါတယ်။

ဒီနည်းလမ်းကတော့ အရွယ်မတိုင်ခင် ဆံပင်ဖြူသူတွေအတွက် သဘာဝအတိုင်း ဆံကေသာပြန်လည်နက်မှောင်လာစေမယ့် နည်းလမ်းကောင်းပဲဖြစ်ပါတယ်။

အမဲစက်များ၊ နေလောင်ဒဏ်များကို ဖယ်ရှားပေးပြီး အသားအရေညီညာလာအောင် ကူညီပေးခြင်း

Source: Stylecraze.com

အာလူးအခွံများကို သစ်သီးဖျော်စက်ထဲထည့်ပြီး အနှစ်များရအောင် မွှေပေးလိုက်ပါ။ အနှစ်များရလာပါက အဝတ်စတစ်ခုထဲထည့်ပြီး အရည်များရရှိလာအောင် အဝတ်စကို ညှစ်ပေးလိုက်ပါ။ ရရှိလာတဲ့ အာလူးအခွံရဲ့အရည်များကို မျက်နှာပေါ် သုတ်လိမ်းပြီးနောက် မိနစ် ၃၀ ခန့် အခြောက်ခံလိုက်ပါ။ ပြီးရင်တော့ ရေဆေးချလိုက်လို့ရပါပြီ။

မျက်နှာသစ်ပြီးတဲ့နောက်မှာ Moisturizer ခရင်မ်တစ်ခုခုကို မျက်နှာပေါ် လိမ်းပေးလိုက်ပါ။ ဒီနည်းလမ်းလေးကို တစ်ပတ်မှာ နှစ်ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် လှပကြည်လင်တဲ့အသားအရေလေးကို ရရှိပိုင်ဆိုင်နိုင်ပါပြီ။