ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို ဟင်းသီးဟင်းရွက်များ စားသုံးခြင်းဖြင့် အာဟာရဓာတ်များ ဖြည့်တင်းနေကြရတာပါ။ ဟင်းသီးဟင်းရွက်များကို နေ့စဉ်မှန်မှန် စားသုံးနေပေမယ့် မိမိမျှော်လင့်ထားသလို ကျန်းမာရေး မကောင်းဘဲ မကြာခဏချူချာနေခြင်း၊ အသားအရေ မလှပဘဲ ရှိနေခြင်း စတဲ့အချက်တွေကြောင့် သံသယဝင်နေပြီဆိုရင်တော့ သင့်ရဲ့ ဟင်းသီးဟင်းရွက် လှီးဖြတ်မှုပုံစံကို ပြန်လည်ဆန်းစစ်သင့်ပါပြီ။

ဟင်းသီးဟင်းရွက်များကို နည်းလမ်းမှန်ကန်စွာ မလှီးဖြတ်ပါက သူ့ရဲ့အာဟာရဓာတ်များ ဆုံးရှုံးသွားတဲ့အတွက်ကြောင့် သင်က နေ့စဉ်နေ့တိုင်း ဟင်းသီးဟင်းရွက် စားသုံးနေပေမယ့် အချည်းနှီးပဲဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ဟင်းသီးဟင်းရွက်များရဲ့အာဟာရဓာတ်များ ပြည့်ဝစုံလင်စွာ ရရှိနိုင်ဖို့အတွက် မှန်ကန်တဲ့ ဟင်းရွက်လှီးနည်း (၅) မျိုးကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ဝေမျှပေးလိုက်ရပါတယ်။

ဟင်းသီးဟင်းရွက်များကို အခွံမခွာခင်၊ မလှီးဖြတ်ခင်ကတည်းက ရေဆေးပေးရပါမယ်။

ထိုကဲ့သို့ ရေကို ကြိုတင်ဆေးကြောထားခြင်းက ဟင်းသီးဟင်းရွက်များမှာ ကပ်နေတဲ့ အညစ်အကြေးများကို ဖယ်ရှားပေးရုံမက ဟင်းသီးဟင်းရွက်ထဲရှိ အာဟာရဓာတ်များကိုလည်း ရေထဲတွင် ပျော်ဝင်မသွားအောင် ထိန်းသိမ်းပေးထားပါတယ်။ အသီးအရွက် လှီးဖြတ်ပြီးမှ ရေဆေးမယ်ဆိုရင်တော့ အာဟာရဓာတ်များက ရေထဲတွင် ပျော်ဝင်ပျက်ပြယ်သွားတတ်ပါတယ်။

ဟင်းသီးဟင်းရွက်များကို ဓားတုံးတုံးဖြင့် လှီးဖြတ်ခြင်းမှ ရှောင်ကြဉ်ပါ။

လေ့လာချက်အချို့အရ ဓားတုံးတုံးဖြင့် လှီးဖြတ်ခြင်းက ဟင်းသီးဟင်းရွက်ရဲ့အာဟာရဓာတ်များ ပျောက်ပျက်သွားနိုင်တဲ့အပြင် ဘက်တီးရီးယား ပေါက်ဖွားမှုနှုန်းကိုလည်း မြင့်မားစေပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်များလည်း ညှိုးနွမ်းလွယ်ပါတယ်။

ဟင်းသီးဟင်းရွက်များကို အတုံးခပ်သေးသေး လှီးဖြတ်သင့်သလား။ အတုံးကြီးကြီးပဲ လှီးဖြတ်သင့်သလား။

အတုံးသေးသေးလေးပဲ လှီးပါက သူ့ရဲ့ရေဓာတ်၊ အရောင်နှင့် အာဟာရဓာတ်များက အလွယ်တကူ ဆုံးရှူံးတတ်ပြီး ညှိုးနွမ်းလွယ်ပါတယ်။ ဒါ့ကြောင့် အတုံးသေးသေးပဲ လှီးထားတယ်ဆိုရင် လှီးပြီးပြီးချင်းမှာပဲ ချက်ချင်းချက်ပြုတ်သင့်ပါတယ်။

တကယ်လို့ ဟင်းရွက်များကို ကြိုတင်လှီးဖြတ်ထားပြီး သိုလှောင်သိမ်းဆည်းထားချင်တယ်ဆိုရင်တော့ ခပ်ကြီးကြီးပဲ လှီးဖြတ်ပေးရပါမယ်။

ဟင်းသီးဟင်းရွက်များရဲ့အာဟာရဓာတ်များ အမြင့်မားဆုံး ရရှိချင်ပါက ဘယ်လိုလှီးဖြတ်သင့်သလဲ။

ဟင်းသီးဟင်းရွက်များကို အလွှာလိုက် ပါးနိုင်သမျှ ပါးပါးလှီးထားလေ အာဟာရဓာတ်များ အမြင့်မားဆုံး ရရှိနိုင်လေပဲဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်တိုင်းကို အခွံခွာသင့်ပါသလား။

အခွံခွာရမယ့် ဟင်းသီးဟင်းရွက်များ ရှိသလို အခွံပါ ဝါးစားလို့ရတဲ့ ဟင်းသီးဟင်းရွက်များလည်း ရှိပါတယ်။ သခွားသီး၊ ခရမ်းသီးတို့ကို အခွံပါ စားသုံးပေးခြင်းအားဖြင့် သူတို့ရဲ့ဗီတာမင်နဲ့ သတ္တုဓာတ်များအားလုံးကို သင့်ခန္ဓာကိုယ်က ရရှိပိုင်ဆိုင်နိုင်ပါတယ်။ အခွံပါစားသုံးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ အာလူးလည်း တစ်ခုအပါအဝင်ပါပဲ။

Source: Food.ndtv.com