အားလုံးပဲ မင်္ဂလာပါ။ ကိုယ့် မီးဖိုချောင်ထဲက အစားအစာတွေ ပုပ်သိုးသွားပြီး အလဟဿဖြုန်းတီးသွားတာကို မလိုလားတာကတော့ အိမ်ရှင်မတိုင်းရဲ့ စိတ်ဆန္ဒပဲဖြစ်ပါတယ်။ သစ်သီးတွေ ပုပ်မသွားဖို့အတွက်ဆိုရင် သိုလှောင်သိမ်းဆည်းတဲ့နေရာမှာလည်း ပြီးစလွယ်သိမ်းဆည်းလို့မရဘဲ စနစ်တကျ သိမ်းဆည်းရမယ့်နည်းလမ်းလေးတွေကိုပါ သိထားမှရပါမယ်။ ဒါမှ အစားအစာတွေ အချိန်အကြာကြီး လတ်လတ်ဆတ်ဆတ်ရှိနေမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် အိမ်ရှင်မတိုင်း သိထားသင့်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ဘယ်လိုစနစ်တကျသိုလှောင်ထားရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ရပါတယ်။

ရေမဆေးပါနဲ့

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ကြောင်အိမ်ထဲမှာပဲဖြစ်ဖြစ်၊ ရေခဲသေတ္တာထဲမှာပဲဖြစ်ဖြစ် ထည့်သိမ်းချင်တယ်ဆိုရင် ရေမဆေးဘဲ ဒီအတိုင်း ထည့်ထားလိုက်ပါ။ ညစ်ပတ်နေတယ်ဆိုရင်တောင် အဝတ်စ (သို့) တစ်သျှူးလေးနဲ့ပဲ သုတ်ပေးလိုက်ပါ။ ရေဆေးလိုက်တဲ့အခါ အသီးရဲ့ သဘာဝခုခံစနစ်ကို ဖယ်ရှားပစ်လိုက်တာကြောင့် မှိုတက်ခြင်းနဲ့ ပုပ်သိုးခြင်းတို့ ဖြစ်ပေါ်တတ်လို့ပါပဲ။

ထောပတ်သီးကို ဘယ်လိုသိမ်းဆည်းရမလဲ

မမှည့်သေးတဲ့ ထောပတ်သီးအစိမ်းကို သတင်းစာစက္ကူစနဲ့ ပတ်ထားပြီး အခန်းအပူချိန်ထဲမှာပဲ မှည့်သွားတဲ့အထိ ထားထားလိုက်ပါ။ မှည့်သွားခါနီးကျမှ ပလပ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားရပါမယ်။

အခွံခွာပြီးသား သစ်သီးများနဲ့ လှီးဖြတ်ပြီးသော ဟင်းသီးဟင်းရွက်များကို ရေထဲထည့်စိမ်ထားလိုက်ပါ

ရေထည့်ထားတဲ့ ဖန်ပုလင်းထဲသို့ ထိုသစ်သီးနဲ့ ဟင်းသီးဟင်းရွက်များကို ထည့်စိမ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထာလးိုက်ပါ။ အချိန်အကြာကြီး လတ်လတ်ဆတ်ဆတ်ရှိနေမှာပဲဖြစ်ပါတယ်။

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့က အမှောင်ကြိုက်ကြပါတယ်

စက္ကူအိတ်လေးကို အပေါက်သေးသေးလေးဖောက်ထားပြီး ထိုအိတ်ထဲသို့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ ထည့်သိမ်းထားလိုက်ပါ။

အာလူးကို ဘာ့ကြောင့် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ခွင့် မပေးသင့်တာလဲ

နေရောင်နဲ့တိုက်ရိုက်ထိတွေ့တဲ့အခါ ပုပ်သွားပြီး စားသုံးမယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။

ကညွှတ်

ကညွှတ်ကို ပန်းစည်းလေးတွေကို ရေစိမ်ထားသလိုပဲ ရေစိမ်ထားရပါမယ်။ ဒါမှ လတ်လတ်ဆတ်ဆတ်အထားခံမှာပဲဖြစ်ပါတယ်။

ပန်းဂေါ်ဖီနဲ့ ပန်းဂေါ်ဖီစိမ်းတို့က အစိုဓာတ်ကို နှစ်သက်ကြပါတယ်

ရေထဲမှာစိမ်ထားမယ်၊ ဒါမှမဟုတ် စိုနေတဲ့အဝတ်စနဲ့ ပတ်ထားပေးမယ်ဆိုရင် ပန်းပွင့်လေးတွေ ညှိုးနွမ်းမသွားဘဲ လတ်လတ်ဆတ်ဆတ်ရှိနေမှာပဲဖြစ်ပါတယ်။

တရုတ်နံနံပင်ကို ခဲဖတ်လေးနဲ့ ပတ်ထားပေးလိုက်ပါ

ခဲဖတ်လေးနဲ့ ပတ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားပေးလိုက်ပါ။ ပလတ်စတစ်ထဲမှာပဲ ထည့်ထားမယ်ဆိုရင် တရုတ်နံနံရဲ့အာနိသင်နဲ့ အရသာ အာဟာရတွေ ပျက်ပြယ်သွားနိုင်ပါတယ်။

Source: Brightside.me