ရေခဲသေတ္တာထဲတွင် အစားအစာ မျိုးစုံထားသိုခြင်းကြောင့် အနံ့အသက် မကောင်းခြင်း၊ ဟင်းသီးဟင်းရွက်များ လှီးဖြတ်တဲ့အခါ မကြာခဏ လက်ရှတတ်ခြင်း၊ အာလူးများ အချိန်တိုအတွင်း အညှောင့်ထွက်လာခြင်း၊ စတော်ဘယ်ရီသီးများ ရက်ပိုင်းအတွင်း ပုပ်သွားခြင်း စတဲ့ မီးဖိုချောင်ပြဿနာမျိုးစုံကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကောင်းများကို စာဖတ်သူတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။

မိုက်ခရိုဝေ့ဖ်ထဲမှာ အစားအစာများကို ပြန်နွှေးစားချင်တယ်ဆိုရင်

မိုက်ခရိုဝေ့ဖ်နဲ့ အစားအစာတွေ ပြန်နွှေးဖူးသူတိုင်း အစားအစာက အလယ်တည့်တည့်မှာ ပူနွေး မနေဘဲ ဘေးဘက်မှာသာ ပူနေတဲ့ပြဿနာကို ကြုံတွေ့ဖူးပါလိမ့်မယ်။ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကောင်းလေးကတော့ အစားအစာများကို တစ်နေရာထဲမှာ ပုံထားမယ့်အစား စက်ဝိုင်းပုံသဏ္ဍာန် အဝိုင်းလေး ပြုလုပ်လိုက်ပါ။ ပြီးမှ မိုက်ခရိုဝေ့ဖ်ထဲ ထည့်နွှေးလိုက်ပါ။

အာလူးများ ကြာရှည်အထားခံဖို့အတွက်

ပန်းသီးတစ်လုံးကို အာလူးတွေနဲ့အတူတူ ရောထားလိုက်ပါ။ ကြက်သွန်နီကိုတော့ အာလူးရဲ့ အဝေးဆုံးမှာ ထားရပါမယ်။ ထို့နောက် နေရောင်ခြည် တိုက်ရိုက်မထိတွေ့ဘဲ မှောင်ပြီး အေးမြသော နေရာတွင်သာ ထားရပါမယ်။

ကြက်ဥအနှစ်နဲ့ အကာကို အလွယ်တကူ ခွဲနည်း

ကြက်ဥတစ်လုံးကို အပေါက်ပါတဲ့ ဇွန်းကြီးပေါ် ခွဲချလိုက်ပါ။ ဒါဆိုရင် အကာတွေက အပေါက်ကနေ စီးကျသွားပြီး အနှစ်က ဇွန်းပေါ်မှာ တင်ကျန်နေခဲ့ပါလိမ့်မယ်။

အစားအစာများ ခြစ်ပြီးတိုင်းမှာ ခြစ်ပြားကို မဆေးကြောချင်ဘူးဆိုရင်

ပေါ်လီသင်း ပလစ်စတစ်အိတ်ဖြင့် ခြစ်ပြားကို ပတ်ထားလိုက်ပါ။ ထို့နောက် သစ်သီးများကို ခြစ်ပေးမယ်ဆိုရင် မကြာခဏ ရေဆေးနေရတဲ့တာဝန်တစ်ခု လျော့သွားပါလိမ့်မယ်။

စတော်ဘယ်ရီသီးများကို ကြာရှည်အထားခံဖို့ဆိုရင်

စတော်ဘယ်ရီသီးများက ပုပ်သိုးလွယ်တဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ ကြာရှည်အထားခံချင်တယ်ဆိုရင် ရှာလကာရည် စားပွဲတင်ဇွန်း ၁၆ ဇွန်းကို ရေ ၂ လီတာဖြင့် ရောနှောလိုက်ပါ။ ထိုရေဖြင့် စတော်ဘယ်ရီသီးများကို ဆေးကြောလိုက်တဲ့အခါ စတော်ဘယ်ရီသီးများ ကြာရှည်ခံပါလိမ့်မယ်။

ပလစ်စတစ်ပုလင်းများ၊ ဖန်ပုလင်းများ အနံ့အသက်မကောင်းတဲ့အခါ

ပုလင်းများကို ဆေးကြောပြီးပေမယ့်လည်း အနံ့အသက်ဆိုးက မပျောက်ကင်းသေးဘူးဆိုရင်တော့ သတင်းစာစက္ကူကို လုံးချေပြီး ပုလင်းထဲ ထည့်ထားလိုက်ပါ။ ၂၄ နာရီမှ ၄၈ နာရီအတွင်း ထည့်ထားရပါမယ်။ သတင်းစာစက္ကူက အနံ့အသက်ဆိုးများကို စုပ်ယူပေးနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။

ရေခဲသေတ္တာထဲက အနံ့ဆိုးကို ဖယ်ရှားချင်တဲ့အခါ

မုန့်ဖုတ်ဆိုဒါဘူးကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ မုန့်ဖုတ်ဆိုဒါက မကောင်းတဲ့အနံ့အသက်များကို သူ့အလိုလို ဖယ်ရှားပေးပါလိမ့်မယ်။

ကွတ်ကီးများ လတ်လတ်ဆတ်ဆတ်အထားခံဖို့အတွက်

ကွက်ကီးပုလင်းထဲမှာ ပန်းသီးစိတ် တစ်စိတ် ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ သင့်ကွတ်ကီးက ရေရှည် အထားခံပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများ လှီးဖြတ်တဲ့အခါ လက်ရှခြင်းမှ ကာကွယ်ဖို့အတွက်

မသုံးတော့တဲ့ ပလပ်စတစ်ဘူးခွံကို အရာပေးပြီး ကတ်ကြေးဖြင့် ဖြတ်ထုတ်လိုက်ပါ။ ညှပ်ပြီးတဲ့အခါ ထိုအခွံရဲ့ဟိုဘက်ဒီဘက် အစွန်းနှစ်ဖက်ကို အပေါက်သေးသေးလေးဖောက်ပြီးနောက် သားရေကွင်းဖြင့် ဟိုဘက်ဒီဘက် ချည်ထားလိုက်ပါ။ ဟင်းရွက်လှီးမယ်ဆိုရင် ထိုပလပ်စတစ်အကာကို လက်မှာစွပ်ပြီး လှီးဖြတ်မယ်ဆိုရင် သင့်လက်ကို ဓားရန်မှ ကာကွယ်ပေးပြီးသားဖြစ်သွားပါတယ်။

Source: Brightside.me