အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ဟင်းသီးဟင်းရွက် (၂) မျိုးအပြင် ဝက်ပေါင်ခြောက်နှင့် ကြက်ဥများများထည့်ကာ ပြုလုပ်ထားတဲ့ ဝက်ပေါင်ခြောက် ကြက်ဥပီဇာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်ဆားနယ်ခြောက် ၈ အောင်စ
  • ဟင်းနုနွယ် ၃ အောင်စ (အရွက်နှင့် ရိုးတံတို့ကို ခြွေထားပါ)
  • ကြက်ဥ ၈ လုံး
  • နွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်နီအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ခရမ်းချဉ်သီး အလုံးသေး ပန်းကန်လုံးအသေး တစ်ခွက်စာ (အဝိုင်းပုံသဏ္ဍာန် သို့မဟုတ် လေးစိပ် စိတ်ထားပါ)
  • ချိစ် ၂.၈ အောင်စ (အချောင်းလိုက် ခြစ်ချထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ဇောက်နက်ပြီး အပူဒဏ်ခံနိုင်သောဇလုံကို ထောပတ်ဖြင့် သုတ်လိမ်းထားပါ။

၂။ ဝက်ဆားနယ်ခြောက်များကို အနေတော် အတုံး တုံးထားပါ။ ထို့နောက် ဒယ်အိုးကို အပူပေးပါ။ ဝက်ဆားနယ်ခြောက်များ ထည့်ကာ အညိုရောင်ပြောင်းပြီး ကြွပ်ရွသွားသည်အထိ (၆ မိနစ်မှ ၁၀ မိနစ်ခန့်အထိ) ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ ဝက်သားကြော်ကို ပန်းကန်ပြားထဲ ပြောင်းထည့်ပါ။ ဒယ်အိုးထဲတွင် ဝက်ဆီများ ကျန်ခဲ့ပါလိမ့်မယ်။ ပိုလျှံနေသော ဝက်ဆီများကို ခပ်ထုတ်ပါ။ ဒါပေမဲ့ ဒယ်အိုးထဲတွင် ဝက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ချန်ထားပေးရပါမယ်။

၃။ ထို့နောက် ဟင်းနုနွယ်ထည့်ကာ ၁၅ စက္ကန့်ခန့် မွှေကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ဝက်သား ပန်းကန်ထဲသို့ ပြောင်းထည့်ထားလိုက်ပါ။

၄။ ပန်းကန်လုံးအကြီးတစ်လုံးတွင် ကြက်ဥများ၊ နွားနို့၊ ကြက်သွန်ဖြူအမှုန့်၊ ကြက်သွန်နီအမှုန့်တို့ထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။

ဆားအနည်းငယ် ထည့်ပြီး ထပ်မံ မွှေခလောက်ပေးလိုက်ပါ။

၅။ ထို့နောက် ဝက်ပေါင်ခြောက်ကြော်၊ ဟင်းနုနွယ်၊ ချိစ်နှင့် ခရမ်းချဉ်သီးတို့ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၆။ ပြီးရင်တော့ ထောပတ်သုတ်လိမ်းထားသော ဇလုံထဲ လောင်းထည့်ပါ။ ထို့နောက် Oven ထဲထည့်ကာ မိနစ် ၃၀ မှ ၃၅ မိနစ်အထိ အပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်ပေါင်ခြောက် ကြက်ဥပီဇာလေး ရရှိသွားပါပြီ။

Source: Cookingclassy.com