အားလုံးပဲ မင်္ဂလာပါ။ အာလူးကြော်၊ အာလူးဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ချိစ်အရသာ အာလူးကပ်သလစ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူးထောင်း ပန်းကန်လုံး ၂ လုံးစာ (အာလူး ၄၅၀ ဂရမ်ကို ပြုတ်ပြီး ညှက်နေအောင် ထောင်းထားပါ)
  • Cheddar ချိစ် ၁၀ တုံး
  • ဘက်စုံသုံး ဂျုံမှုန့် ၉၀ ဂရမ်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်ဥ ၁ လုံး

  • Panko ပေါင်မုန့်အကြေအစများ ပန်းကန်လုံး ၂ လုံးစာ (၁၀၀ ဂရမ်)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၂၀၀ ဒီဂရီစင်တီဂရိတ် (၄၀၀ ဒီဂရီဖာရင်ဟိုက်)ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၃။ ဒုတိယပန်းကန်လုံးထဲတွင်တော့ ကြက်ဥထည့်ကာ မွှေခလောက်ထားလိုက်ပါ။

၄။ တတိယပန်းကန်လုံးထဲတွင်တော့ ပေါင်မုန့်အကြေအစများထည့်ကာ ငရုတ်သီးမှုန့်အနည်းငယ်ဖြူးထည့်လိုက်ပါ။ ထို့နောက် သမအောင် ရောမွှေလိုက်ပါ။

၅။ အာလူးထောင်း စားပွဲတင်ဇွန်း ၁ ဇွန်းခန့်ကို လက်ဖဝါးထဲတွင် ပြားနေအောင် ဖိပေးလိုက်ပါ။ ထို့နောက် ချိစ်ခဲ ၁ ခဲကို အလယ်တည့်တည့်တွင်ထည့်ကာ ဆလင်ဒါပုံစံ လုံးပေးလိုက်ပါ။

ရရှိလာတဲ့ အာလူးလုံးကို ဂျုံမှုန့်ပန်းကန်ထဲထည့်ပါ။ ထို့နောက် ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ တစ်ဖန် ပေါင်မုန့်အကြေအစများဖြင့် ကပ်လိုက်ပါ။ ထို့နောက် လင်ဗန်းပေါ်တွင် တင်ထားလိုက်ပါ။

ကျန်ရှိနေသော အာလူးထောင်းများကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပေးရပါမယ်။ အာလူးလုံးများကို လင်ဗန်းပေါ် တင်တဲ့အခါ အာလူးလုံးများကို တစ်ခုနှင့်တစ်ခု ခပ်ခွာခွာထားပေးရပါမယ်။

၆။ ထို့နောက် အာလူးလင်ဗန်းကို Oven ထဲထည့်ကာ ၁၂ မိနစ်၊ ၁၅ မိနစ်ခန့် အပူပေးလိုက်ပါ။

၇။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ Oven ထဲကထုတ်ကာ အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ်အရသာ အာလူးကပ်သလစ်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Kitchensanctuary.com