မြန်မာမုန်လာချဉ် မုန်လာဥကို ပုံစံမျိုးစုံ အချဉ်တည်ပြီး စားသုံးနေကျတဲ့ထဲက မြန်မာ့နည်းနဲ့ စိမ်ထားတဲ့ မုန်လာချဉ်တည်နည်း ဖြစ်ပါတယ် ။မုန်လာချဉ်ကို ငါးပိရည်နဲ့ မြုတ်စားနိုင်သလို ဟင်းရံတခွက်အဖြစ် သုပ်စားနိုင်ပြီး အချို့ဒေသတွေမှာ ညနေပိုင်း သားရေစာ အဖြစ်လည်း သုပ်စားလေ့ ရှိကြပါတယ် ။
ပါဝင်ပစ္စည်း
- မုန်လာဥဖြူ ကြီးကြီး – တစ်လုံး
- ဆန်ဆေးရည်/ထမင်းရည် – တစ်ပုလင်းပုလင်းသန့်သန့် – တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
- မုန်လာဥဖြူကို ရေဆေး သန့်စင်ပြီး မထူမပါး စိတ်ထားပါ ။ အရိုးနှင့် အရွက်များပါ ထည့်နိုင်ပါတယ် ။ ပိုးတီလှီး လိုက လှီးပါ။ အအေးခံထားသော ထမင်းရည် (သို့မဟုတ်) ဆန်ဆေးရည် ဒုတိယရည်ကို ပြင်ဆင်ထားပါ။
- သန့်ရှင်း ခြောက်သွေ့ကာ ဆီကင်းသော ပုလင်းထဲသို့ အသင့် လှီးထားသော မုန်လာဥကို ထည့်ပြီး အပေါ်မှ ထမင်းရည်အေး (သို့မဟုတ်) ဆန်ဆေးရည် ထည့်ပြီး အဖုံးလုံအောင် ပိတ်ကာ သာမန်အခန်း အပူချိန်တွင် ထားပါ။ ထမင်းရည် အသုံးပြုပါက နှစ်ရက်မှ သုံးရက်မြောက်နေ့တွင် စတင် သုံးဆောင်နိုင်ပါပြီ။
- ဆန်ဆေးရည် အသုံးပြုပါက ရက်အနည်းငယ် ပိုကြာတတ်ပြီး အလွန်ပူနွေးသော နေရာတွင် မထားရပါ ။မချဉ်ခင် အပူလောင်ပြီး ပျော့ဖတ် သွားတတ်ပါတယ်။ ချဉ်သွားသော မုန်လာချဉ်ကို ရေခဲသေတ္တာတွင် ထည့်ပြီး အချဉ် မလွန်အောင် သိမ်းထားပြီး နှစ်သက်သလို မြုတ်စား ၊ သုပ်စားနိုင်ပါပြီ။
မုန်လာချဉ်သုပ်နည်း
မုန်လာချဉ်ကို ပဲမှုန့်အကျက်မှုန့် ၊ နံနံပင် ၊ ဆား ၊ ငရုပ်သီး ထည့်ပြီး ချဉ်ချဉ်စပ်စပ် သုပ်ထားပါက မုန်လာချဉ်နှင့် ပဲမှုန့် ပေါင်းစပ်ထားသော အနံ့မှာ နှစ်သက်သူ အဖို့တော့ အလွန်တရာဘဲ စားကောင်းတဲ့ အသုပ်တပွဲ ဖြစ်ပါတယ် ။အချို့ လ္ဘက်သုပ်ဆိုင်များ ၊အသုပ်စုံဆိုင်များမှာလည်း မုန်လာချဉ်သုပ်ကို တွဲဖက် ရောင်းချလေ့ ရှိပါတယ် ။
Credit : Nayye Lin