ထိုင်းအစားအစာလေးတွေကိုမှ ခံတွင်းတွေ့သူတွေအတွက် ဒီထိုင်းလယ်သမားဟင်းချိုက အကောင်းဆုံးပါပဲ။ အရသာလည်းခံတွင်းမြိန်၊ လုပ်ရတာလည်း သိပ်ပြီးတော့ လက်မဝင်လှဆိုတော့ အရသာရှိတဲ့ဟင်းတစ်ခွက်ကို အချိန်တိုအတွင်း ရရှိနိုင်ပြီပေါ့။
ပါဝင်ပစ္စည်းများ
- ပုစွန် ၁၀ကောင်ခန့်
- ဖရုံသီး ၁စိတ်
- ခဝဲသီး ၁တောင့်(လုံး)
- ပဲတောင့်ရှည် ၃တောင့်
- ဗူးသီး ၁စိတ်
- ဘေဘီပြောင်းဖူး ၅ခုခန့်
- ကောက်ရိုးမှို ၅ခုခန့်
- ပြည်ပန်းညိုရွက် လက်တစ်ဆုပ်ခန့်
- ငရုတ်သီးစိမ်း ၅တောင့်
- ပင်စိမ်းရွက် ၃ညွှန့်
- ငရုတ်ကောင်းစေ့ အနည်းငယ်
- ကြက်သွန်နီ ၁လုံး
- ကြက်သွန်ဖြူ ၃တက်
ပြုလုပ်ပုံ
ပထမဆုံးပုစွန်တွေကိုသန့်စင်ပြီး၊ အခွံခွာခေါင်းဖြုတ်ကာ ဆား၊ ဟင်းခတ်မှုန့် အနည်းငယ်နှင့် နယ်ထားပါ။ ဖရုံသီး၊ ဗူးသီးတွေကို ၁လက်မအရွယ် အတုံးငယ်လေးတွေတုံးပါ။ ပဲတောင့်ရှည်နှင့် ဘေဘီ ပြောင်းဖူးတွေကိုတော့ ၁လက်မ အရှည်ခန့် လှီးပါ။
ကြက်သွန်နီ၊ ငရုတ်သီးစိမ်း တွေကိုပါးပါး လှီးပါ။ ကောက်ရိုးမှို ကိုသင့်တော်သလို လှီးဖြတ်ထားပါ။ ကြက်သွန်ဖြူ နှင့် ငရုတ်ကောင်းစေ့ကို ရောပြီး မညက်တညက်ထောင်းပါ။ ပြည်ပန်းညိုရွက်နှင့်ပင်စိမ်းတို့ကိုအရွက်ခြွေထားပါ။
ချက်ပြုတ်မယ့်အိုးထဲမှာ ပုစွန်ကို ရေအနည်းငယ်လေးနှင့် စတင်ပြုတ်ပါ။ အနည်းငယ်ကျက် သွားပြီဆိုရင် ပုစွန်ခေါင်းကို ချန်ထားပြီး အသားတွေကို ဆယ်ယူစစ်ထားပါ။ ပုစွန်ခေါင်းရည်ထဲသို့ ပါးပါးလှီးထားသော ကြက်သွန်နီ ၊ရောထောင်းထားသော ကြက်သွန်ဖြူ အရော နှင့် ရွှေဖရုံသီးကို စတင်ထည့်ပါ။
အဖုံးပိတ်ထားပါ။ (မီးအပူရှိန်ကိုအနည်းဆုံးထိလျှော့ချထားရန်လိုအပ်ပါသည်) ဆား၊ ဟင်းခတ်မှုန့်(သို့မဟုတ်) ကြက်သားမှုန့်ဖြင့် အရသာသွင်းပါ။ ရွှေဖရုံသီး နူးအိချိန်လောက်မှာ ပဲသီး၊ ဘေဘီပြောင်းဖူး၊ ဗူးသီးတို့ကို ထည့်ပါ။
ကောက်ရိုးမှိုနှင့် ခဝဲသီးကို ထည့်ပြီးချိန်မှာ မီးအရှိန်ကို ပြန်မြှင့်တင်ပါ။ နောက်ဆုံးမှဆယ်ယူထားသောပုစွန်၊ ပြည်ပန်းညိုရွက် နှင့် ပင်စိမ်းရွက်တို့ ထည့်မွှေပြီး သံပုရာသီး တစ်ခြမ်း လောက်ညှစ်ထည့်ပြီး အသီးအရွက်တွေ အရောင်မပြောင်းခင် သုံးဆောင်ပါ။
Credit: ဟင်းချက်နည်းများ