ဟင်းချက်စရာလည်း ရွေးပြီးပြီ၊ အရည်သောက်စရာအတွက်လည်း ဝယ်ပြီးပြီ ဒါပေမယ့် အသုပ်အတွက် ဘာချက်ရမလဲခေါင်းစားနေတယ်ဆိုရင်တော့ ဒီအသုပ်ဟင်းလျာလေးကို သတိရလိုက်ပါ။ ဝယ်ရမယ့်ပစ္စည်းတွေကလည်း ရှာရတာလွယ်လှပြီး ဈေးကြီးလည်းပေးဝယ်စရာမလိုလို့  ဈေးစရိတ်လည်းသိပ်ပြီး မထိခိုက်တော့ဘူးပေါ့။ အရသာကလည်းမြိန်၊ အစပ်ကလေးကလည်းပါဆိုတော့ ထမင်းစားတော့ကောင်းလိုက်မယ့်ဖြစ်ခြင်းပါ။ ကဲ..ဒါဆိုရင် အခုပဲဘယ်လိုချက်ရမလဲဆိုတာဖတ်ကြည့်လိုက်ပြီး အမြန်လေးချက်လိုက်ကြမယ်နော်။

ပါဝင်ပစ္စည်းများ

  • ပြုတ်ပြီးမျှစ်ချိုအမျှင် – ၁၀ ကျပ်သား
  • ငါးပိ – ဇွန်းဝက်
  • ရွှေပုစွန်ခြောက် – ၁ ဇွန်း
  • ငရုတ်သီးစိမ်း – ၅ တောင့်
  • ငရုတ်သီးအလှော်မှုန့် – ဇွန်းဝက်ခန်
  • ကြက်သွန်နီ – ၂ လုံး
  • နံနံပင် – အနည်းငယ်
  • သံပုရာသီး – ၃ ခြမ်း

ပြင်ဆင်ပြုလုပ်နည်း

  1. ဈေးကဝယ်လာတဲ့ မျှစ်အမျှင်လေးတွေကို ပြန်ပြီး ပြုတ်ပေးပါ ။ မိမိကိုယ်တိုင်ပြုတ်ထားတဲ့ မျှစ်စို့လေးတွေကို ခက်ရင်းလေးနဲ့ အမျှစ်ခြစ်လဲရပါတယ် ။
  2. ငါးပိကိုဇွန်းမှာကပ်ပြီးမီးကင်ပါ။ ရွှေပုစွန်ခြောက်ကို မညှက်တညှက်လေးထောင်းပါ။
  3. ငရုတ်သီးစိမ်းကို ခပ်နုပ်နုပ်လေးစဉ်းပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးပါ။ နံနံပင်ကိုလဲ လှီးဖြတ်ပါ။
  4. ဇလုံတစ်ခုအတွင်းမှာ ပါဝင်ပစ္စည်းအားလုံးရောထည့်ပြီး ငါးငံပြာရည် ၊ ဟင်းခတ်မှုန့် ၊ သံပုရာရည်ညှစ်ပြီး ခပ်ဖွဖွလေး နယ်ပေးပါ ။ ချိုချဉ်ငံစပ်လေးဖြစ်နေမယ့် မျှစ်သုပ်လေးကို ဟင်းခါးပူပူလေးတစ်ခွက်နှင့် တွဲဖက်သုံးဆောင်ပါ။

Credit: ဟင်းချက်နည်းများ