အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သတ်သတ်လွတ်သမားများအတွက် အသား၊ ငါးနဲ့မဟုတ်ဘဲ ပဲပြားနဲ့ သုပ်ထားတဲ့ ကိုရီးယား ထမင်းသုပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ၄ ယောက်စာ ထမင်း
  • သခွားသီး ၁ လုံး
  • ဟင်းနုနွယ် (သို့) ကန်းစွန်းရွက် ၅ အောင်စ
  • မုန်လာဥနီ အလတ်ဆိုဒ် ၂ လုံး
  • မှို ၁၀ ပွင့်

Source: Islandorganicsbali.com

  • ပဲပြား ၈ အောင်စ
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီအနည်းငယ်
  • ဟင်းချက်ရန် ဆီ အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

သခွားသီးကို အနေတော် အချောင်းငယ်များ လှီးဖြတ်ပြီးနောက် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ဖြင့် နယ်ထားကာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထားထားပါ။ အရည်များကို စင်အောင် ညှစ်လိုက်ပါ။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ကာ သခွားသီးများနဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်းတစ်ဝက်ဖြင့် ထည့်ကြော်လိုက်ပါ။ ပြီးရင် ပန်းကန်လုံးထဲ သပ်သပ်ဖယ်ထားလိုက်ပါ။

ဟင်းနုနွယ်ကို ပွက်ပွက်ဆူနေသော ရေနွေးထဲတွင် တစ်မိနစ်ခန့် ထည့်ပြုတ်ပြီးနောက် ရေအေးထဲ ချက်ချင်း ပြန်စိမ်လိုက်ပါ။ ထို့နောက် အရည်များကို စင်အောင် ညှစ်လိုက်ပြီးနောက် ပန်းကန်ထဲထည့်ထားပါ။ ထိုဟင်းနုနွယ်ထဲသို့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်၊ နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဆား၊ ငရုတ်ကောင်းတို့ထည့်ကာ နယ်ထားလိုက်ပါ။

မုန်လာဥနီကို ခပ်ပါးပါးအချောင်းတို လှီးဖြတ်ပြီးနောက် ဒယ်အိုးထဲထည့်ကာ ဆီအနည်းငယ်နဲ့ ကြော်လိုက်ပါ။ ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေပြီးနောက် ဆား၊ ငရုတ်ကောင်းတို့ထည့်ကာ မွှေပေးလိုက်ပါ။ ပန်းကန်လုံးထဲ ပြောင်းထည့်လိုက်ပါ။

မှိုပွင့်တစ်ပွင့်ကို လေးခြမ်းစီ ပိုင်းဖြတ်ကာ ဒယ်အိုးထဲထည့်ပြီး ဆီအနည်းငယ်ဖြင့် ကြော်လိုက်ပါ။ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေပြီးပါက ပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။

ပဲပြားကို စတုရန်းပုံ အတုံးငယ်များတုံးပြီး ဆားနဲ့ နယ်ထားပါ။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ကာ အတုံးများ ရွှေဝါရောင် ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။

ထမင်းဇလုံထဲတွင် တစ်ယောက်စာထမင်း ထည့်ပြီးနောက် ပြင်ဆင်ကြော်လှော်ထားသော ဟင်းသီးဟင်းရွက်များနဲ့ ပဲပြားများကို ထမင်းပေါ်တွင် ပုံထားလိုက်ပါ။ နှမ်းဆီ အနည်းငယ် ဆမ်းလိုက်ပါ။ ထို့နောက် ခရမ်းချဉ်သီးဆော့စ် (သို့) ငရုတ်သီးဆော့စ်တို့ထည့်ကာ နယ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီယား ထမင်းသုပ်ကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Koreanbapsang.com