အားလုံးပဲ မင်္ဂလာပါ။ နာမကျန်းဖြစ်ပြီး အားအင်တွေ ပြတ်လတ်နေလို့ စိတ်ညစ်နေပါသလား။ ကုန်ခမ်းသွားတဲ့ အားအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့အတွက် နေမကောင်းပေမယ့်လည်း အစား ဝင်အောင် စားပေးဖို့တော့ လိုပါတယ်။

နေမကောင်းဖြစ်နေချိန်မှာ အားအင်ပြည့်ဝဖို့အတွက် ဆန်ပြုတ်ကတော့ အကောင်းဆုံးအစားအစာတစ်ခုပါပဲ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဆန်ပြုတ်ကတော့ အမဲသားဆန်ပြုတ် ပြုတ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန် နို့ဆီဘူးတစ်ဝက်
  • ရေ ၁ လီတာ
  • ဆီ စားပွဲတင်ဇွန်းတစ်ဝက်
  • မုန်လာဥနီ ၁ လုံး (ကုဗတုံးပုံသဏ္ဍာန် အတုံးငယ် လှီးဖြတ်ထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • အမဲသား ၁၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆန်ကို ရေထဲတွင် မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။ ဆန်စိမ်ထားတဲ့အချိန်မှာ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ အမဲသားတို့ကို အသင့်ပြင်ထားလိုက်ပါ။ ရေ ၁ လီတာကိုလည်း ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၂။ နာရီဝက်ကြာတဲ့အခါမှာတော့ ဆန်ကို ရေများ စစ်ထုတ်ပြီးနောက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် နယ်ထားလိုက်ပါ။

၃။ ဆီဖြင့် နယ်ထားတဲ့ ဆန်ကို ပွက်ပွက်ဆူနေသော ရေနွေးတည်ထားသော အိုးထဲသို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ မီးပြင်းပြင်းဖြင့် ၈ မိနစ်ခန့် တည်ထားပြီးနောက် အိုးမကပ်ဖို့အတွက် အဆက်မပြတ်မွှေပေးရပါမယ်။ ထို့နောက် မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျှော့ချပြီးနောက် မိနစ်လေးဆယ်ခန့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ အိုးအဖုံးကို တစ်ဝက်ပိတ်ထားပါ။ မကြာခဏမွှေပေးဖို့လည်း လိုပါတယ်။

၅။ ဆန်ပြုတ်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ အမဲသားနှင့် မုန်လာဥနီတို့ထည့်ကာ နောက်ထပ် ၃ မိနစ်ခန့် ထပ်တည်ထားလိုက်ပါ။

၆။ ထို့နောက် ကြက်သွန်မြိတ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ နောက်ထပ် တစ်မိနစ်ခန့် ထပ်တည်ထားလိုက်ပါ။

၇။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အာဟာရပြည့်ဝတဲ့ အမဲသားဆန်ပြုတ်လေး ရရှိသွားပါပြီ။

Source: Spicetheplate.com