အာလူးချစ်သူများအတွက် ဒီတစ်ခါမှာတော့ အမဲသားနဲ့ ပြောင်းဖူးအစာသွပ်တို့ ထည့်ကာ အရသာရှိအောင် ပြုလုပ်ထားသော အာလူးကပ်သလိပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အာလူး အလုံးကြီး ၃ လုံး
- အမဲသား ဝ.၅ ကီလိုဂရမ် (နုပ်နုပ်စဉ်းထားပါ)
- ပြောင်းဖူး အနည်းငယ်
- ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)
- ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
- ငရုတ်ပွ ၁ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
- ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
- ကြက်သွန်နီ အသေး ၁ ဥ (နုပ်နုပ်စဉ်းထားပါ)
- ခရမ်းချဉ်သီး အလုံးသေး ၂ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
- ဆား၊ ငရုတ်ကောင်းမှုန့်နှင့် အခြားဟင်းခပ်အမွှေးအကြိုင်များ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အာလူး ၃ လုံးကို အခွံခွာပြီး ၁၅ မိနစ်ခန့် ပြုတ်လိုက်ပါ။
၂။ အာလူးပြုတ်နေစဉ်မှာ နုပ်နုပ်စဉ်းထားသော အမဲသားများကို အညိုရောင်ပြောင်းသွားသည်အထိ ကြော်ရပါမယ်။
၃။ အမဲသားက အညိုရောင်ပြောင်းသွားပြီဆိုတာနဲ့ ငရုတ်ပွ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဆားနှင့် ငရုတ်ကောင်းမှုန့်၊ အခြားအသုံးပြုသောဟင်းခပ်အမွှေးအကြိုင်တို့ထည့်ကာ သမအောင် ရောမွှေပါ။ ပြောင်းဖူးများထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်လိုက်ပါ။
ထို့နောက် ပန်းကန်လုံးထဲထည့်ကာ အအေးခံထားလိုက်ပါ။
၄။ အာလူးများ နူးအိသွားတဲ့အခါမှာတော့ ရေထဲက ဆယ်ယူပြီး ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြူးထည့်ကာ ညှက်နေအောင် ထောင်းလိုက်ပါ။
၅။ ထို့နောက် အာလူးများကို စားပွဲတင်ဇွန်း ၂ ဇွန်းစာခန့် ယူပြီး အလုံးလေး လုံးလိုက်ပါ။ ထို့နောက် ပလပ်စတစ် ၂ ခုကြားညှပ်ပြီး ပြားသွားအောင် ဖိလိုက်ပါ။ ပြီးရင်တော့ အမဲသား ပြောင်းဖူးအစာသွပ် စားပွဲတင်ဇွန်း ၁ ဇွန်းခန့်ကို အလယ်ဗဟိုမှာ ထားပြီး အာလူးကို ပြန်လုံးပေးလိုက်ပါ။
အာလူးထောင်းများနှင့် အမဲသားအစာသွပ်များကုန်သွားသည်အထိ လုံးပေးလိုက်ပါ။
၆။ ကြက်ဥ ၃ လုံးကို မွှေခလောက်ထားပါ။ ထို့နောက် ဂျုံမှုန့်များ ထပ်ပေါင်းထည့်ကာ ထပ်မွှေခလောက်လိုက်ပါ။
၇။ နောက်တစ်ဆင့်အနေနဲ့ အစာသွပ်ထားသော အာလူးကပ်သလိတ်များကို ဂျုံမှုန့် ကြက်ဥအရောအနှောထဲ ထည့်နှစ်လိုက်ပါ။
၈။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက အာလူးကပ်သလိတ်များကို လှပသော ရွှေညိုရောင် အရောင်အဆင်းပြောင်းသွားသည်အထိ ကြော်လိုက်ပါ။
အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အမဲသား ပြောင်းဖူးအစာသွပ် အာလူးကပ်သလိတ်များ ရရှိသွားပါပြီ။
Source: TheCooknShare