အားလုံးပဲ မင်္ဂလာပါ။ ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ အမဲသားနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ မုန်ညှင်းရွက်ကို အရသာရှိအောင် ဘယ်လိုရောချက်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ဝ.၅ ပေါင် (အနေတော် အတုံး တုံးထားပါ)
  • တရုတ်မုန်ညင်းရွက် တစ်စည်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူနှင့် ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်းစီ
  • ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် (သို့) အာလူးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဟင်းရွက်ပြုတ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ရေ လိုသလောက်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး တစ်လုံးထဲတွင် ဟင်းချက်ဝိုင်၊ ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ၊ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် အမဲသား ထည့်ကာ သမအောင် နယ်ပြီးတဲ့နောက်မှာ ၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ အခြားပန်းကန်လုံး တစ်လုံးထဲတွင် ခရုဆီ၊ ရေ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အနောက်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၃။ အိုးတစ်လုံးထဲသို့ ရေထည့်ပြီး ဆား၊ သကြားနှင့် ဆီတို့ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်လိုက်ပါ။ ရေနွေး ပွက်ပွက်ဆူလာပါက မုန်ညှင်းရွက်များ ထည့်ပြီး တစ်မိနစ်ခန့် ပြုတ်ပေးရပါမယ်။ ထို့နောက် မုန်ညှင်းရွက်များကို ဆယ်ယူလိုက်ပါ။

၄။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ဆီပူလာပါက အမဲသားထည့်ကာ ၂ မိနစ်ခန့် ကြော်လိုက်ပါ။ အမဲသားများ အညိုရောင် ပြောင်းသွားပါက ပန်းကန်လုံးထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

၅။ ထိုဒယ်အိုးထဲသို့ ကြက်သွန်ဖြူနှင့် ဂျင်းတို့ ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် အမဲသားကြော်များ ပြန်ထည့်ပါ။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ဆော့စ်များကို ဒယ်အိုးထဲ လောင်းထည့်ပြီး ၃ မိနစ်ခန့် သမအောင် ကြော်လှော်ပေးလိုက်ပါ။

၆။ ရရှိလာတဲ့ အမဲသားဟင်းကို မုန်ညှင်းရွက်ပေါ် တင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားအုပ် မုန်ညှင်းရွက် ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Spicetheplate.com