အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ မုန်ညှင်းရွက်နှင့် အမဲသားတို့ ရောကြော်ထားတဲ့ အမဲသားဟင်း ပြင်ဆင်ချက်ပြုတ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁၅၀ ဂရမ်
  • တရုတ်မုန်ညှင်း ၁၅၀ ဂရမ် (ရိုးတံနှင့် အရွက်များကို ဖယ်ထားပြီး ရိုးတံကို တစ်လက်မအရှည်ခန့် လှီးဖြတ်ထားပါ)
  • ဆီအနည်းငယ်
  • ကြက်သွန်နီ ၃ ဥ (ပါးပါးလှီးထားပါ)
  • ဂျင်း ၃ ပြား (အချောင်းလိုက် ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီး ၃ တောင့် (ပါးပါးလှီးထားပါ)
  • ပြောင်းမှုန့် အရည် (ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေပါ)
  • ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဝက်၊ ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဝက် (ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ထည့်မွှေထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားများကို အနေတော်အတုံး လှီးဖြတ်ထားပါ။ ထို့နောက် ခရုဆီ၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ကာ ရေခဲသေတ္တာထဲတွင် အနည်းဆုံး မိနစ် ၂၀ ခန့်မှ တစ်ညကြာသည်အထိ နှပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပါ။ ထို့နော်က အမဲသားထည့်ကာ ၇၀ ရာခိုင်နှုန်းခန့် ကျက်သွားသည်အထိ မွှေကြော်ပါ။ ပြီးရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၃။ ဒယ်အိုးကို သန့်စင်ပြီးတဲ့နောက်မှာတော့ ကျန်ရှိနေသော ဆီများအားလုံး ထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ငရုတ်သီးတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၄။ ထို့နောက် မုန်ညှင်းများထည့်ကာ ၁ မိနစ်မှ ၂ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် ပန်းကန်လုံးထဲထည့်မွှေထားသော ပဲငံပြာရည်အရောအနှောများ လောင်းထည့်လိုက်ပါ။ ကြော်ထားသော အမဲသားများထည့်ပါ။ ပြောင်းမှုန့်အရည်ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ပါ။

အမဲသားလည်း ကျက်သွားပြီ။ ဟင်းရည်လည်း ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မုန်ညှင်းရွက်နှင့် အမဲသားရောကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Noobcook.com