အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ လူ ၃၊ ၄ ယောက်စာလောက် စားသုံးနိုင်တဲ့ ကိုရီးယားထမင်းသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၅ လုံးစာ
  • ကင်ချီ ၁၀၀ ဂရမ်
  • အမဲသား ၁၀၀ ဂရမ် (ပါးပါးလှီးပြီးနောက် နုပ်နုပ်စဉ်းထားပါ)
  • ပဲပင်ပေါက် ၆၀ ဂရမ်၊ ဟင်းနုနွယ်၊ မှို အနည်းငယ်စီ (မိမိကြိုက်နှစ်သက်ရာ ဟင်းရွက်များကိုလည်း ထည့်နိုင်ပါသေးတယ်)
  • မုန်လာဥနီ ၃ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ထမင်းထည့်လိုက်ပါ။ ထို့နောက် နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းကို ထမင်းပေါ် ဆမ်းထည့်ပြီးနောက် သမအောင် ကြော်ပေးလိုက်ပါ။

၂။ ထမင်းသုပ်အတွက် ဆော့စ်ပြုလုပ်ဖို့ရန်အတွက် ငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် ကြက်သွန်မြိတ်တို့ကို သမအောင် မွှေထားလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် နှမ်းစေ့တို့ကို သမအောင် မွှေထားလိုက်ပါ။

၄။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ကာ ပဲပင်ပေါက်ထည့်ပြီးနောက် အဆင့် (၃) က မွှေထားသော အချဉ်ရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲတွင် ဆယ်ထည့်ထားလိုက်ပါ။

ထိုဒယ်အိုးထဲတွင်ပင် မုန်လာဥနီထည့်ပါ။ ဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် အဆင့် (၃)က မွှေထားသော အချဉ်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ကာ ၁ မိနစ်ခန့်ကြော်ပါ။

ဟင်းနုနွယ်ကိုလည်း စောစောကလိုပဲ ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အချဉ်ရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။
မှိုကိုလည်း ဆီ လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ အချဉ်ရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ၁ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

နောက်ဆုံးကြော်ရမှာကတော့ အမဲသားပါပဲ။ အမဲသားကို လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ကျန်ရှိနေသော အချဉ်အားလုံးလောင်းထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၅။ အားလုံးကြော်ပြီးသွားပြီဆိုရင်တော့ ထမင်းပေါ်မှာ ပဲပင်ပေါက်၊ ဟင်းနုနွယ်၊ မှို၊ မုန်လာဥနီ၊ ကင်ချီ၊ အမဲသားကြော်တို့ကို အစီအရီထည့်ပြီးနောက် အဆင့် (၂) က ပြုလုပ်ထားသော ဆော့စ်များ လောင်းထည့်ကာ သမအောင် နယ်ဖတ်ကာ သုတ်ပေးလိုက်ပါ။ (ကြက်ဥ Half-Fried တစ်လုံးထည့်ပြီးလည်း သုပ်နိုင်ပါတယ်)

ဒါဆိုရင်တော့ အရသာရှိပြီး လျှာလည်သွားစေမယ့် ကိုရီးယားထမင်းသုပ်ကို အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Asianfoodchannel.com