နွေဦးရာသီမှာ ရဲရဲနီအောင် ပွင့်တတ်တဲ့ လက်ပံပွင့်လေးတွေကို ရခိုင်သုပ်လေး သုပ်ထားတာပါ။ ဒါပေမဲ့ ခုချက်ခြင်းကောက်၊ ခုချက်ခြင်းသုပ်တာမျိုး မဟုတ်ပါဘူး။ အခြောက်ခံထားတဲ့ လက်ပံပွင့်တွေကို သုပ်ထားတာပါ။

အညာသူ ညီမငယ်တစ်ယောက် ပေးတဲ့ လက်ပံပွင့်ခြောက်တွေကို ရခိုင်သား အကိုတစ်ယောက်ပြောပြတဲ့ သုပ်နည်းနဲ့ သုပ်ထားတာပါနော်။ လက်ပံပွင့်က သုပ်စားတင်မကဘဲ အချဉ်ဟင်းချက်၊ ပြုတ်တို့ စားရင်လည်း အလွန်ပင် စားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  • လက်ပံပွင့်ခြောက်
  • ငရုပ်သီးစိမ်း
  • ကြက်သွန်ဖြူ
  • ငရုပ်ကောင်းစေ့ ( သို့ ) အမှုန့်
  • ငပိမီးကင်
  • ပုဇွန်ခြောက်
  •  ကြက်သွန်နီ
  • ဆား
  • အရသာမှုန့်
  • နံနံပင်
  • သံပုရာသီး

ပြင်ဆင်ပြုလုပ်နည်း

  1. သုပ်နည်းကတော့ လက်ပံပွင့်ခြောက်တွေကို ညကတည်းက ရေစိမ်ထားပြီး မနက်ကျတော့မှ ရေဆေးပြီး ပြုတ်ပါတယ် ။
  2. လက်ပံပွင့်တွေ စားလို့ရတဲ့  အနေအထားရောက်ရင် ရေပြန်ဆေးပြီး ရေစစ်အောင်ထားကာ ပါးပါးလှီးပါတယ် ။ ထို့နောက် ငရုပ်သီးစိမ်း ၊ ကြက်သွန်ဖြူ တို့ကို မညှက်တညှက် ထောင်းပါတယ် ။ ငရုပ်ကောင်းစေ့ အနည်းငယ်ကိုပါ ထည့်ထောင်းပါတယ် ။ ငရုပ်ကောင်းစေ့မရှိရင်တော့ အမှုန့်ကို ထည့်နိုင်ပါတယ် ။  ပြီးရင် ငပိမီးကင်ထားတာ ထည့်ထောင်းပါတယ် ။ (ကျွန်မကတော့ ပုဇွန်ခြောက်လေး နည်းနည်းပါ ထည့်ထားပါတယ်)။
  3. ပြီးတော့ ပါးပါးလှီးထားတဲ့ လက်ပံပွင့်တွေကို ဇလုံတစ်ခုထဲ ထည့်ပြီး စောစောက ထောင်းထားတဲ့ ငရုပ်သီးထောင်း အရောအနှောနဲ့ ကြက်သွန်နီ ပါးပါးလှီး ၊ ဆား ၊ အရသာမှုန့် ၊ နံနံပင် ၊ သံပုရာသီး ချဉ်ချဉ်လေး ထည့်ပြီး နယ်လိုက်တာနဲ့ ငရုပ်ကောင်းနံ့ ၊ သံပုရာနံ့လေး မွှေးကြိုင်ပြီး အရသာရှိတဲ့ လက်ပံပွင့်ရခိုင်သုပ် ရပါပြီ ။  ဒီနေ့ အရမ်းကို ထမင်းမြိန်လှပါတယ်လို့ ။

Credit: Chaw Su Su Khaing