အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်းကို သူ့ချည်းပဲ ချက်စားရတာ ရိုးအီနေပြီလား။ ဒါဆိုရင်တော့ မှိုနဲ့ ချက်စားကြည့်လိုက်ရအောင်။ ကြက်သွန်မြိတ်လေးပါ ထည့်ချက်လိုက်မယ်ဆိုရင်တော့ အနံ့လေးပါ မွှေးသွားမှာပါ။
ပါဝင်ပစ္စည်းများ
- အရေခွံမပါ၊ အရိုးမပါသော ကြက်ပေါင် ၈ တုံး
- ကြက်သွန်မြိတ် ၂ ပင်
- ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- ငရုတ်ကောင်းမှုန့်နှင့် သံလွင်ဆီ အနည်းငယ်
- ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
- မှိုအဖြူရောင် ၈ အောင်စခန့် (အနေတော်အတုံးလှီးဖြတ်ထားပါ)
- ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်ပြုတ်ရည် ၂၅၀ မီလီလီတာခန့်
- ထောပတ် စားပွဲတင်ဇွန်း တစ်ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ကြက်သွန်မြိတ်ကို ရေဖြင့် သေသေချာချာဆေးပြီးနောက် ပါးပါးလှီးဖြတ်ထားပါ။
၂။ ကြက်သားတုံးများကို၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ၊ ငရုတ်သီးမှုန့်တို့ဖြင့် သမအောင် ရောနယ်ထားပါ။
၃။ ထို့နောက် ကြက်သားတုံးများကို သံလွင်ဆီဆမ်းပြီးနောက် တစ်ဖက်စီကို ၅ မိနစ်ခန့် ကြော်ပေးရပါမယ်။ ကြော်ပြီးသားကြက်သားများကို ပန်းကန်တစ်လုံးထဲတွင် သပ်သပ်စီထည့်ထားလိုက်ပါ။
၄။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်လိုက်ပါ။ ထောပတ်များ အရည်ပျော်လာပါက ကြက်သွန်မြိတ်ထည့်ပြီး ၆ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ မှို၊ ဆားလက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်ထည့်ပြီး ၅ မိနစ်ခန့် ကြော်ပေးရပါမယ်။
၅။ ထို့နောက် ဂျုံမှုန့်ထည့်ပါ။ ကြက်ပြုတ်ရည် ထပ်ထည့်ပြီး ဆူပွက်လာအောင် ၂ မိနစ်၊ ၃ မိနစ်ခန့် တည်ရပါမယ်။
၆။ ကြက်သားတုံးများကို ဒယ်အိုးထဲ ပြန်ထည့်ပြီး အဖုံးဖုံးကာ မီးအေးအေးဖြင့် မိနစ် ၄၀ ခန့် တည်ထားလိုက်ပါ။ အချိန်ပြည့်သွားပါက ကြက်သားများနူးအိသွားပြီး အင်မတန်အရသာထူးကဲကောင်းမွန်သွားမှာပဲဖြစ်ပါတယ်။
Source: Skinnytaste.com