ကြာဇံပြုတ်လည်း သောက်ချင်တယ် အာဟာရပြည့်ပြီး အားရှိဖို့အတွက် ကြက်သားစွပ်ပြုတ်လည်း သောက်ချင်တယ်ဆိုတဲ့ အစားအသောက် ချစ်သူတို့အတွက် 2 in 1 ပဲကြာဇံ ကြက်သားစွပ်ပြုတ် ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား ၃ ပေါင် (အနေတော်အတုံး တုံးထားပါ)
- ပဲကြာဇံ ၁၀၀ ဂရမ် (ရေအေးထဲတွင် စိမ်ထားပါ)
- ပဲငံပြာရည်နှင့် ခရုဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
- သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- အာလူး ၃ လုံး (အခွံခွာပြီး အနေတော် အတုံး တုံးထားပါ)
- မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)
- မှို အနည်းငယ် (အနေတော်အရွယ်အစား လှီးဖြတ်ထားပါ)
- ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
- ကြက်သွန်မြိတ် ၇ ပင် (၂ လက်မအရှည် လှီးဖြတ်ထားပါ)
- ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ငရုတ်သီးစိမ်း အနီ ၁ တောင့်နှင့် အစိမ်း ၂ တောင့် (ပါးပါးလှီးထားပါ)
- ငရုတ်သီးခြောက် ၃ တောင့် (လက်မဝက်အရှည် လှီးဖြတ်ထားပါ)
- သခွားသီး ၁ လုံး (ပးါပါးလှီးထားပါ)
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ခရုဆီနှင့် သကြားညိုတို့ကို သမအောင် ရောမွှေထားပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ငရုတ်သီးခြောက်များထည့်ပြီး ၁၅ စက္ကန့်ခန့် လှော်ပေးလိုက်ပါ။
၃။ ထို့နောက် ငရုတ်သီးဖတ်များကို ဆယ်ယူပြီးနောက် ကြက်သားထည့်ကာ ၅ မိနစ်မှ ၈ မိနစ်ခန့် မွှေပေးလိုက်ပါ။ ပြီးရင်တော့ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ၁ မိနစ်ခန့် မွှေပါ။
၄။ အာလူးတုံးများထည့်ပြီး ခရုဆီအရောအနှောထည့်ပါ။ ရေ ၃ ခွက်ထည့်ကာ အဖုံးအုပ်ပြီး ၁၀ မိနစ်ခန့် တည်ပါ။
၅။ သတ်မှတ်ချိန်ပြည့်ပါက မုန်လာဥနီနှင့် ကြက်သွန်နီထည့်ကာ အဖုံးဖွင့်လျက်သားဖြင့် ၁၀ မိနစ်ခန့် တည်ပါ။
၆။ ထို့နောက် ပဲကြာဇံ၊ ငရုတ်သီး အနီနှင့် အစိမ်း၊ မှို၊ သခွားသီးတို့ထည့်ကာ ၇ မိနစ်မှ ၁၀ မိနစ်ခန့် မီးပြင်းပြင်းဖြင့် တည်ထားပါ။ မကြာခဏမွှေပေးပါ။
၇။ ထို့နောက် မီးပိတ်ပြီး ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် မွှေပါ။
စားခါနီးကျမှ ကြက်သွန်မြိတ်နှင့် နှမ်းစေ့များ ဖြူးထည့်လိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲကြာဇံ ကြက်သားစွပ်ပြုတ်တစ်ပွဲ ရရှိသွားပါပြီ။
Source: Maangchi.com