အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ကြက်ဟင်းခါးသီးနဲ့ ဝက်နံရိုးတို့ ရောနှောချက်ပြုတ်ထားတဲ့ ဟင်းလျာတစ်ခွက် ချက်ပြုတ်ပြင်ဆင်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဟင်းခါးသီး ၁ လုံး (အနေတော် အတုံး လှီးဖြတ်ထားပါ)
  • ၃ စင်တီမီတာပတ်လည် ဂျင်းတုံး တစ်တုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၂ ဥ (ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၂ တောင့်

  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွနး ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ဝက်နံရိုး ၈၀၀ ဂရမ်
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ရေ စားပွဲတင်ဇွန်း ၂၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးများကို အနေတော်အတုံး တုံးထားပါ။ ဒန်အိုးတစ်လုံးကို အပူပေးပြီး ရေနွေးတည်ပါ။ ထိုပွက်ပွက်ဆူလာသော ရေနွေးပူထဲတွင် ဝက်နံရိုးများထည့်ပြီး ၁ မိနစ်ခန့် ပြုတ်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ထည့်ကာ ဆီသတ်ပါ။ ထို့နောက် ငရုတ်သီးတောင့်ထည့်ကာ ၁ မိနစ်ခန့် လှော်ပါ။

၃။ ထို့နောက် ဝက်နံရိုးထည့်ကာ ၅ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ခရုဆီ၊ သကြားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် ရေထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ပါ။

၄။ ဟင်းရည်ပွက်ပွက်ဆူလာပြီးနောက် ဝက်နံရိုးများလည်း နူးအိသွားပြီဆိုရင်တော့ ကြက်ဟင်းခါးသီးထည့်ကာ ၁၅ မိနစ်ခန့် တည်ပါ။

သတ်မှတ်ချိန်ပြည့်ပါက အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာလည်းရှိ စားလို့လည်း ရှယ်ကောင်းတဲ့ ကြက်ဟင်းခါးသီး ဝက်နံရိုးဟင်းလျာလေး ရရှိသွားပါပြီ။

Source: Mintyskitchen.blogspot.com