အားလုံးပဲ မင်္ဂလာပါ။ ဟော့ပေါ့ချစ်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် အမဲသားဟော့ပေါ့ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

ဟင်းရည် ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ပင်လယ်ရေညှိ
  • မုန်လာဥဖြူ ၃ အောင်စ (အတုံးခပ်ကြီးကြီး တုံးထားပါ)
  • ကြက်သွန်နီ ၄ ပုံ ၁ ပုံ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ဟင်းသီးဟင်းရွက် ပါဝင်ပစ္စည်းများ

  • မုန်ညှင်းရွက် ၂ စည်း
  • ကြက်သွန်နီ တစ်ခြမ်း
  • မှို ၄ အောင်စ (ကြွက်နားရွက်မှို၊ အပ်မှို စသည်ဖြင့် စုံလင်နေအောင် ထည့်ထားပါ)
  • ကြက်သွန်မြိတ် ၃ ပင်
  • ကန်စွန်းရွက် ၁ စည်း

  • မုန်လာဥနီ ၁ လုံး
  • ငရုတ်ပွ အနီ ၁ တောင့်

(သင့်အနေနဲ့ ခေါက်ဆွဲ၊ ကြာဇံတို့ ကြိုက်နှစ်သက်ပါက ခေါက်ဆွဲ၊ ကြာဇံတို့ ထည့်ပြုတ်နိုင်ပါတယ်။)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို ပါးပါးလှီးပြီးနောက် ပဲငံပြာရည်၊ သကြား၊ ပျားရည်၊ ဆန်ဝိုင်၊ ကြက်သွန်ဖြူ၊ နှမ်းဆီ၊ ငရုတ်သီးမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ဟင်းရည်ပြုတ်ရန်အတွက် အိုးအကြီးတစ်လုံးထဲတွင် ရေ ၅ ခွက် ( ၁ လီတာခွဲ)ခန့်ထည့်ကာ ပင်လယ်ရေညှိ၊ မုန်လာဥဖြူနှင့် ကြက်သွန်နီတို့ထည့်ကာ မီးပြင်းပြင်းဖြင့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက မီးအပူချိန်ကို လျော့လိုက်ပြီး ဟင်းသီးဟင်းရွက်များအားလုံးကို ဆယ်ယူလိုက်ပါ။ ထို့နောက် ပဲငံပြာရည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၃။ မုန်လာဥနီ၊ မုန်ညှင်းရွက်၊ ကြက်သွန်နီ၊ မှို၊ ကြက်သွန်မြိတ်၊ ကန်စွန်းရွက်၊ ငရုတ်ပွ စသည့်ဟင်းသီးဟင်းရွက်များကို ပါးပါးလှီးထားပါ။

၄။ ဇောက်နက်သော အိုးတစ်လုံးကို ယူပြီး ဟင်းသီးဟင်းရွက်နှင့် အမဲသားကို အစီအရီစီထားလိုက်ပါ။ ထို့နောက် ဟင်းရည် ၃ ပုံ ၂ ပုံခန့်ကို ထိုအိုးထဲ လောင်းထည့်ကာ ပြုတ်ပေးလိုက်ပါ။

ပွက်ပွက်ဆူလာပြီး ဟင်းရွက်များ နူးအိသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် အမဲသားဟော့ပေါ့လေး ရရှိသွားပါပြီ။

Source: Koreanbapsang.com