အားလုံးပဲ မင်္ဂလာပါ။ ခေါက်ဆွဲကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ရှမ်းစတိုင်လ် ကြော်ထားတဲ့ ဝက်သားခေါက်ဆွဲကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲပြား ၅ အောင်စ
  • ကြက်သွန်နီ ၁ ဥ
  • ကြက်သွန်မြိတ် ၃ ပင်
  • ခရမ်းချဉ်သီး ၂ လုံး
  • ဝက်သား ၁၀ အောင်စ (နုပ်နုပ်စဉ်းထားပါ)

  • ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန်နှင့် နနွင်းမှုန့် အနည်းငယ်
  • ခေါက်ဆွဲကြော်ရန် ဆော့စ်အနည်းငယ် (မန်ကျည်းသီးမှည့်၊ နှမ်းဆီ၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ကို သမအောင် ရောမွှေထားလိုက်ပါ)
  • မုန်ညှင်းရွက် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးကို အပူပေးပြီးနောက် ရေထည့်ကာ ပွက်ပွက်ဆူအောင် တည်ပါ။ ထို့နောက် ခေါက်ဆွဲထည့်ကာ ၈ မိနစ်မှ ၁၀ မိနစ်ခန့် တည်ပါ။ ခေါက်ဆွဲများ နူးသွားပြီဆိုရင်တော့ ရေအေးဖြင့် ဆေးကြောကာ ပန်းကန်လုံးထဲ သပ်သပ်စီ ဖယ်ထားပါ။

၂။ ကြက်သွန်နီကို အခွံခွာပြီး ပါးပါးလှီးပါ။

ကြက်သွန်မြိတ်ကို ထောင့်ဖြတ်အတိုင်း ပါးပါးလှီးကာ အဖြူရောင်နှင့် အစိမ်းရောင်ကို သပ်သပ်စီ ဖယ်ထားပါ။ ကြက်သွန်မြိတ် အဖြူရောင်ကိုတော့ ကြော်ဖို့ရန်အတွက်သုံးမှာဖြစ်ပြီး အစိမ်းရောင်ကိုတော့ အလှဆင်ဖို့ရန်အတွက် အသုံးပြုပါမယ်။

ခရမ်းချဉ်သီးများရဲ့ အလယ်အူတိုင်ကို ဖယ်ရှားပြီး လေးထောင့်အတုံးငယ် တုံးပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ကြက်သွန်နီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၃ မိနစ်ခန့် ဆီသတ်ပါ။

ထို့နောက် ဝက်သားထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိ ကြော်ပါ။ ကြက်သွန်မြိတ်အဖြူထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ ရေ စားပွဲတင်ဇွန်း ၈ ဇွန်းခန့်ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ စောင့်ပါ။ ၃ မိနစ်ခန့် တည်ပြီးသွားတဲ့အခါ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

၄။ အခြားဒယ်အိုးတစ်အိုးတွင် ဆီအနည်းငယ်ထည့်ကာ မုန်ညှင်းရွက်ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့်ကြော်ပါ။

၅။ ဝက်သားကြော်ထားသော ဒယ်အိုးကို မီးဖိုပေါ် ပြန်တင်ပြီး မုန်ညှင်းရွက်နှင့် ခေါက်ဆွဲတို့ထည့်ကာ သမအောင် မွှေကြော်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ လိုအပ်ပါက ဆားနှင့် ငရုတ်ကောင်းမှုန့်များ ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ရှမ်းစတိုင်လ် ဝက်သားခေါက်ဆွဲကြော်လေး ရရှိသွားပါပြီ။

Source: Sunbasket.com