အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းရွက်ကြော်ကတော့ မုန်လာဥနီနဲ့ ကြက်ဥ ရောကြော်ထားတဲ့ မုန်လာဥနီ ကြက်ဥမွှေကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ ၁၂၀ ဂရမ်
  • တူနာငါး စည်သွပ်ဘူး ၄၀ ဂရမ်
  • ကြက်ဥ ၁ လုံး (ဆားအနည်းငယ်ထည့်ပြီး မွှေခလောက်ထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မုန်လာဥနီကို ရေဖြင့် စင်ကြယ်အောင်ဆေးပြီး အခွံများ ခြစ်ထားလိုက်ပါ။ ထို့နောက် မုန်လာဥနီအချောင်းများ ဖြစ်သွားအောင် ဓားဖြင့် ပါးပါးလှီးလို့လည်း ရသလို ခြစ်ခုံဖြင့် ခြစ်ချပေးလို့လည်း ရပါတယ်။

၂။ ဒယ်အိုးကို အပူပေးပြီး တူနာငါး စည်သွပ်ဘူးထဲက ဆီများကို ဒယ်အိုးထဲထည့်ပြီး နှမ်းဆီပါ ထပ်ထည့်ပေးလိုက်ပါ။

၃။ ထို့နောက် မုန်လာဥနီထည့်ပြီး ကြော်ပေးလိုက်ပါ။ မုန်လာဥနီ အမြန်နူးအိဖို့အတွက် ရေအနည်းငယ်ထည့်ပြီး မွှေကြော်ပါ။

၄။ တူနာငါးထည့်ပြီး ဇွန်း (သို့) တူဖြင့် တူနာငါး အမျှင်သေးသေးလေးများဖြစ်သွားအောင် ပြုလုပ်ပါ။

၅။ ပဲငံပြာရည်နှင့် ဆားအနည်းငယ်ထည့်ပြီး မွှေကြော်ပေးလိုက်ပါ။

၆။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥကို ဒယ်အိုးထဲ လောင်းထည့်ပြီး ကြက်ဥနှင့် မုန်လာဥနီများ သမသွားအောင် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ မုန်လာဥနီ ကြက်ဥမွှေကြော် ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Cookingwithdog.com