စည့် အင်ဒိုနီးရှားနိုင်ငံ မှာ သွားနေတုန်း က သွားနေတယ့် သူငယ်ချင်း အမေ ချက်ကျွေးတာလေးကို ကြိုက်လွန်း လို့ ချက်နည်းလေး သင်ထား တာ ကို စည်က မြန်မာ့ အကြိုက် လေးပြန်လဲ ပြုပြင်ထားပါတယ်။ အမှတ်တရ လေးတွေ သတိရစရာလေး တွေ စုံလင် တဲ့ အင်ဒိုနီးရှားနိုင်ငံ နဲ့ သူငယ်ချင်းမိသားစု ကို အမှတ်တရသတိ ရသော အားဖြင့်  ပရိတ်သတ် ကြီး လဲ မိသားစု သူငယ်ချင်း များနဲ့ အတူ ချက်စားလို့ရအောင် ဖော်ပြလိုက်ပါတယ်နော်…..။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီ ၁ ထုပ် (အနေတော်အပွင့်လေးများ လှီးထားပါ)
  • ဘဲဥ ၁၀ လုံး (ပြုတ်ထားပါ၊အခွံခွာထားပြီး အကာကိုဓားဖြင့်မွန်းထားပါ)
  • နို့စိမ်း ခွက် ၁ ခွက် ခွဲ
  • ခရမ်းချဉ်သီး ၃ လုံး (အခွံခွာပြီး၊ အတုံးသေးလေးတွေ တုံးထားပါ)
  • မန်းကျီးသီးနှစ် စားပွဲဇွန်း ၁ ဇွန်း
  • အသားမှုန့် လက်ဖက်ဇွန်း ၂ ဇွန်း (လိုသလောက်ထည့်ပါ)
  • ကြက်သားပြုတ်ရည် ခွက် ၁ ခွက်
  • ပူစီနံ ၃ ပင် (အရွက်ချွေထားပါ)
  • ဟင်းအနှစ်လုပ်ရန် ပါဝင်ပစ္စည်းများ
  • ကက်သွန်ဖြူ ၃ တက် (လှီးထားပါ)
  • ကြက်သွန်နီ ၂ လုံး (လှီးထားပါ)
  • ငရုတ်သီးစိမ်း ၂ တောင့် (လှီးထားပါ)
  • နနွင်းမှုန့် လက်ဖက်ဇွန်း တစ်ဝက်ဇွန်း
  • ငံပြာရည် လက်ဖက်ဇွန်း ၁ ဇွန်း ခွဲ
  • နေကြာဆီ စားပွဲဇွန်း ၂ ဇွန်းခွဲ
  • ဆား အနည်းငယ်
  • စပါးလင် တစ်ဝက်ချောင်း (အဖြူပိုင်း၊ ထုထားပါ)

ပြုလုပ်နည်း

  1. အနှစ်လုပ်ရန်ပါဝင်ပစ္စည်းများ အားလုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။
  2. ဒယ်အိုး ထဲမှ ဆီပူလာလျှင် ဟင်းအနှစ်များ ကိုထည့်ပြီးဆီသတ်ပါ။ အနံမွှေးပြီးအားလုံး ဆီပြန်လာသည်အထိ တည်ပါ။
  3. ပန်းဂေါ်ဖီပွင့်၊ ဘဲဥ ထည့်ပြီး ဟင်းအနှစ်နဲ့ သေချာ အနှစ်များ နဲ့ ရောအောင် မွှေပေးပါ။ အသားမှုန့်၊ နို့စိမ်း နှင့် ကြက်ပြုတ်ရည်များ ထဲ့တည်ပါ။ အငွေ့တက်လာလျင် ၅ မိနစ်လောက်တည်ပြီး မန်းကျီးသီး အနှစ်ထည့်မွှေပါ။ ဆူအောင် ထပ်တည်ပါ။
  4. ရေဆူလျင် ခရမ်းချဉ်သီး ထည့်ပြီး ၂-၃ မိနစ်လောက်ထပ်တည်ပါ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။ မီးဖိုပေါ်မှချပြီး ပူစီနံရွက်များဖြူးပေးပါ။ ပူပူလေး ထမင်းဖြူ၊ ထောပတ်ထမင်းတို့ဖြင့် သုံးဆောင်လျင်ပို ကောင်းပါတယ်။