အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ပန်းဂေါ်ဖီစိမ်း ကြက်သားကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၄ မြွှာ (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • ပန်းဂေါ်ဖီစိမ်း ၁ ပွင့် (ပန်းပွင့်ငယ်များ လှီးဖြတ်ထားပါ)
  • ကြက်ရင်အုံသာ ၁ ပေါင် (အတုံးငယ်များ တုံးထားလိုက်ပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ပြီး ၂ မိနစ်ခန့် ဆီသတ်ပါ။

၂။ ထို့နောက် ကြက်သားတုံးများထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ကြက်သားက အညိုရောင် ပြောင်းသွားပါက ပန်းဂေါ်ဖီစိမ်းထည့်ပြီး ၃ မိနစ်ခန့် ကြော်ပေးရပါမယ်။

၄။ ပန်းဂေါ်ဖီစိမ်းလေး နူးသွားပြီဆိုရင်တော့ ဆား၊ ပဲငံပြာရည်၊ ခရုဆီတို့ထည့်ကာ ၁ မိနစ်ခန့် သမအောင် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ အရသာရှိတဲ့ ပန်းဂေါ်ဖီစိမ်း ကြက်သားကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Spicetheplate.com