အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အာလူး အမဲသားဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁.၃ ကီလိုဂရမ် (တစ်လက်မခွဲပတ်လည် အတုံးတုံးထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးအခြောက်တောင့် ၆ တောင့်
  • လက်မအရွယ်အစား ဂျင်း ၁ တုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)

  • နာနတ်ပွင့် ၁ ပွင့်နှင့် သစ်ကြမ်းပိုးခေါက် တစ်ချောင်း
  • သကြား စားပွဲတင်ဇွန်းတစ်ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းနှင့် ပဲငံပြာရည်အနှောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • မုန်လာဥနီ ၃ လုံး (၂ လက်မပတ်လည် အတုံး လှီးထားပါ)
  • အာလူး ၂ လုံး (အတုံး ခပ်သေးသေး တုံးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားတုံးများကို ဒန်အိုးထဲထည့်ပြီးနောက် ရေ ၁ လီတာထည့်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ အမဲသား အိုးမတူးဖို့ရန်အတွက် မကြာခဏမွှေပေးရပါမယ်။ အဆီတွေ ဝေ့တက်လာပါက ဇွန်းဖြင့် ဖယ်ရှားပေးလိုက်ပါ။

၂။ (၁၀) မိနစ်၊ (၁၅) မိနစ်ခန့် ပြည့်သွားပြီဆိုရင်တော့ ကောင်းကောင်းဆူပွက်သွားပါပြီ။ ဒါဆိုရင်တော့ ဟင်းချက်ဝိုင်၊ ငရုတ်သီးတောင့်၊ ဂျင်း၊ ကြက်သွန်မြိတ်၊ လေးညှင်းပွင့်၊ သစ်ကြမ်းပိုးခေါက်၊ သကြားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ မွှေပေးလိုက်ပါ။ အိုးအဖုံးအုပ်ကာ မီးအပူချိန်အေးအေးဖြင့် မိနစ် ၄၀ ခန့် တည်ထားလိုက်ပါ။

၃။ မိနစ် (၄၀) ပြည့်ပါက ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနှောက်နှင့် ဆားတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အဖုံးဖွင့်လျက်သားဖြင့် တစ်နာရီ၊ တစ်နာရီခွဲခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၄။ အမဲသားက နူးအိသွားပြီဆိုရင်တော့ မုန်လာဥနီနှင့် အာလူးတို့ထည့်ကာ မိနစ် ၃၀ ခန့် ထပ်တည်ပေးလိုက်ပါ။

၅။ အာလူးရော မုန်လာဥနီရော နူးအိသွားပြီဆိုရင်တော့ အရသာရှိတဲ့ အာလူး အမဲသားဟင်းလေး ရရှိသွားပါပြီ။

Source : Omnivorescookbook.com