ထမင်းစားတဲ့အခါ အစာအာဟာရအုပ်စု မျှတစွာ စားသုံးဖို့က အင်မတန်အရေးကြီးပါတယ်။ အသားငါးလည်း စားရင်း ဟင်းသီးဟင်းရွက်များကိုလည်း မေ့မထားသင့်ပါဘူး။

ဟင်းသီးဟင်းရွက်တွေထဲမှာမှ သခွားသီးက အရည်ရွှမ်းတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေအောင် ကူညီပေးပါတယ်။ သခွားသီးကို ငပိရည် တို့စရာအဖြစ် စားသုံးနိုင်သလို အခုလို အရသာရှိတဲ့ သခွားသီးသုပ်အဖြစ်လည်း လုပ်စားနိုင်ပါသေးတယ်။

ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်နီ အသေး ၁ ဥ (သို့) အကြီး ၁ ခြမ်း (နုပ်နုပ်စဉ်းထားပါ)
  • သခွားသီး ၂ ပေါင်ခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲငံပြာရည်၊ ဆန်ရှာလကာရည်၊ သကြား၊ ဆားနှမ်း နှမ်းဆီတို့ကို ဇလုံအကြီးတစ်လုံးထဲထည့်ပြီးနောက် သကြားများ ပျော်ဝင်သွားသည်အထိ မွှေခလောက်ပေးလိုက်ပါ။

ထို့နောက် ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ထပ်ထည့်ပြီး သမအောင် ထပ်မွှေပေးပါ။

၂။ သခွားသီးကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးနောက် အစွန်းနှစ်ဖက်ကို လှီးထုတ်ထားပါ။ ထို့နောက် ဓားပြားဖြင့် ထုထောင်းပေးလိုက်ပါ။ (ဓားဖြင့် ထုထောင်းလို့ မရပါက ဒလှိမ့်တုံး သို့မဟုတ် ငရုတ်ကျည်ပွေ့ကို အသုံးပြုနိုင်ပါတယ်။)

ပြီးရင်တော့ သခွားသီးကို ၁ လက်မအရှည်ခန့် လှီးဖြတ်ထားလိုက်ပါ။

၃။ လှီးဖြတ်ထားသော သခွားသီးများကို စောစောက ဇလုံအကြီးထဲထည့်ပြီးနောက် သမအောင် နယ်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် လိုအပ်ပါက ပဲငံပြာရည် ထပ်ထည့်နိုင်ပါတယ်။

နောက်ဆုံးမှာတော့ အရသာအစပ်အဟပ်တည့်တဲ့ သခွားသီးသုပ်လေး ရရှိသွားပါပြီ။ စာဖတ်သူအနေနဲ့ စပ်စပ်လေး သုပ်စားချင်တယ်ဆိုရင်တော့ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းခန့် ထည့်သုတ်ပေးနိုင်ပါတယ်။

Source: Seonkyounglongest.com