နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးစလုံး လူကြိုက်များ စားသုံးတဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ခရမ်းသီးကလည်း တစ်ခုအပါအဝင်ပါပဲ။ ခရမ်းသီးကို နူးနူးအိအိလေး ချက်ပြုတ်မယ်ဆိုရင် အသားဟင်းတွေထက်တောင် အရသာပိုရှိပါတယ်။

ဒီတစ်ခါမှာတော့ ခရမ်းသီးကို ငရုတ်ပွနဲ့ အရသာရှိအောင် ဘယ်လိုကြော်စားနိုင်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ခရမ်းသီး ၂ လုံး
• ဆား အနည်းငယ်
• ဟင်းချက်ရန်ဆီ စားပွဲတင်ဇွန်း သုံးဇွန်းခွဲ
• ကြက်သွန်ဖြူ ၄ မြွှာ
• ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်း

• အစိမ်းရောင် ငရုတ်ပွ တစ်ခု
• သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းသီးများကို ဝါးစားနိုင်သည့် အရွယ်အစားခန့် တုံးထားပါ။ ထို့နောက် ဆားရည်ထဲတွင် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက ခရမ်းသီးများကို ဆယ်ယူလိုက်ပါ။

၂။ ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းထားပါ။ ငရုတ်ပွကိုလည်း ခပ်ပါးပါးလှီးဖြတ်ထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း သုံးဇွန်းထည့်ပါ။ ဆီပူလာပါက ခရမ်းသီးများ ထည့်ကြော်လိုက်ပါ။ ခရမ်းသီးများ နူးအိလာပါက ပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။ ကြက်သွန်ဆီသတ်ရန်အတွက် ဒယ်အိုးထဲတွင် ဆီအနည်းငယ် ချန်ထားရပါမယ်။

၄။ တကယ်လို့ ဒယ်အိုးထဲတွင် ဆီမကျန်ပါက ဆီ စားပွဲတင်ဇွန်း တစ်ဝက်ထပ်ထည့်ပေးနိုင်ပါတယ်။ ထို့နောက် ကြက်သွန်ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။

၅။ ငရုတ်ပွ ထည့်ကြော်လိုက်ပါ။ ထို့နောက် ခရမ်းသီးကိုပါ ဒယ်အိုးထဲ ပြန်ထည့်ပြီး မွှေပေးလိုက်ပါ။ ပဲငံပြာရည်နှင့် သကြားတို့ ထည့်ကာ ထပ်မွှေပေးလိုက်ပါ။ နောက်ဆုံးကျမှ ဆားထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းသီး ငရုတ်ပွကြော်ဟင်းတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Chinasichuanfood.com