အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ တရုတ်ဟင်းလျာပဲဖြစ်ပါတယ်။ ကြက်ဥကြော်ကို ရွှေဖရုံသီး၊ ကြက်သွန်မြိတ်တို့နဲ့ ရောကြော်ရင်း ဆန်းသစ်တဲ့ဟင်းပွဲတစ်ပွဲကို ပြင်ဆင်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

• ကြက်ဥ ၃ လုံး
• ကြက်သွန်မြိတ် ၁ ပင် (၂ လက်မအရှည်ခန့် လှီးဖြတ်ထားပါ)
• ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
• ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
• ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

• ရွှေဖရုံသီး ၄၅၀ ဂရမ် (၂ လက်မအရှည် အချောင်းလိုက် လှီးဖြတ်ထားပါ)
• နှမ်းစေ့ လက်တစ်ဆုပ်စာခန့်
• ပဲငံပြာရည် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး အကြီးတစ်လုံးထဲတွင် ကြက်ဥများဖောက်ထည့်ကာ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ဟင်းချက်ဝိုင်တို့ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

၂။ ရွှေဖရုံသီးနဲ့ ကြက်သွန်မြိတ်တို့ထည့်ပြီး သမအောင် ထပ်မံမွှေခလောက်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်ဥအရောအနှောများကို အိုးထဲသို့ထည့်ကာ ကြော်ပေးရပါမယ်။

၄။ ကြက်ဥကြော် တစ်ခြမ်းစီကို အဖုံးဖွင့်လျက်သားဖြင့် ၄ မိနစ်ခန့်စီ ကြော်ပေးရပါမယ်။

၅။ ကြက်ဥကြော်က ရွှေညိုရောင်ပြောင်းသွားပြီဆိုရင်တော့ ဒယ်အိုးပေါ်က ချပြီး ပန်းကန်ပြားထဲပြောင်းထည့်လိုက်ပါ။ ထို့နောက် နှမ်းစေ့လေး ဖြူးထည့်လိုက်ပါ။ ပြီးရင်တော့ ပဲငံပြာရည်နဲ့ တို့စားနိုင်ပါပြီ။

Source: Spicetheplate.com