အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိတဲ့ တရုတ်စတိုင်လ် ခရမ်းချဉ်သီး ကြက်ဥကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ “ကြက်ဥကြော်တာပဲ၊ လွယ်လွယ်လေးပဲဟာ၊ ဘာခက်တာမှတ်လို့” ဆိုပြီး အထင်မသေးလိုက်ပါနဲ့နော်။ ပါဝင်ပစ္စည်းများကို အချိုးအစားကျကျနဲ့ စနစ်တကျကြော်လှော်မှသာလျှင် အရသာရှိတဲ့ ဟင်းလျာတစ်ခွက် ရရှိနိုင်မှာပါ။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး ၄ လုံး
  • ကြက်သွန်မြိတ် ၁ ပင်
  • ကြက်ဥ ၄ လုံး
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံခန့်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းချဉ်သီးကို အနေတော် အတုံး တုံးထားလိုက်ပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥများ ဖောက်ထည့်ပြီး ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ ရောထည့်ပြီးနောက် ကြက်ဥကို ခပ်ပြင်းပြင်းလေး မွှေခလောက်လိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ ကြက်ဥထည့်ကြော်လိုက်ပါ။ ကြက်ဥကို စက္ကန့်အနည်းငယ်ခန့် (ကျက်ရုံမျှသာ) ကြော်ပြိးနောက် ပန်းကန်ထဲ သပ်သပ်ဖယ်ထားလိုက်ပါ။

၄။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီးနောက် ခရမ်းချဉ်သီးနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး ကြော်ပေးလိုက်ပါ။

၅။ တစ်မိနစ်ခန့် ကြော်ပြီးတဲ့နောက်မှာ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ရေ စားပွဲတင်ဇွန်းလေးဇွန်းတို့ထည့်ကာ မွှေပေးလိုက်ပါ။ ပြီးမှ ကြက်ဥကြော်များ ထည့်ကြော်ရပါမယ်။

၆။ တစ်မိနစ်၊ နှစ်မိနစ်ခန့် ကြော်ပေးရပါမယ်။ အရသာ အပေါ့အငန်မြည်းပြီးတဲ့နောက်မှာတော့ ပန်းကန်လုံးထဲ ပြောင်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ တရုတ်စတိုင်လ် ခရမ်းချဉ်သီး ကြက်ဥကြော်ကို ထမင်းနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: thewoksoflife.com