သင့်အိမ်က ရေခဲသေတ္တာထဲမှာ ရေခဲတုံးပြုလုပ်တဲ့ လင်ဗန်းလေးတွေ ဘယ်နှခုလောက်ရှိပါသလဲ။ ထိုရေခဲခွက်တွေကို ရေခဲတုံးပြုလုပ်ဖို့ရန်အတွက်ပဲ အသုံးပြုတာလား။

တကယ်တော့ ထိုရေခဲခွက်က ရေခဲတုံးအပြင် အခြားအစားအစာများကိုပါ သိုလှောင်ထားနိုင်ပါတယ်။ ဘယ်လိုအစားအစာတွေကို သိုလှောင်နိုင်သလဲဆိုတာကို ဗဟုသုတအနေနဲ့ ဆက်လေ့လာကြည့်လိုက်ရအောင်။

ကလေးအာဟာရစားစရာများကို သိုလှောင်ထားနိုင်ခြင်း

သင်က အလုပ်များတဲ့မိခင်တစ်ယောက်ဆိုရင်တော့ ဒီနည်းလမ်းလေးက အင်မတန်အသုံးဝင်တာကို တွေ့ရပါလိမ့်မယ်။ အာဟာရမုန့်ကို ကလေးငယ် စားနိုင်သည်အထိ ပျစ်နေအောင် ကျိုချက်ပြီးနောက် ခေတ္တအအေးခံထားပါ။ ထို့နောက် ရေခဲခွက်ထဲထည့်ပြီးနောက် သိုလှောင်သိမ်းဆည်းထားနိုင်ပါပြီ။

ကြက်ဥအကာများကို သိုလှောင်ထားနိုင်ခြင်း

အချို့ဟင်းလျာတွေ ချက်ပြုတ်တဲ့အခါ ကြက်ဥအနှစ်ပဲ အသုံးပြုတာမျိုးတွေ ရှိပါတယ်။ ကိတ်မုန့်ဖုတ်တဲ့အခါလည်း ထိုနည်းလည်းကောင်းပါပဲ။ အဲ့ဒီအခါကျရင် ကြက်ဥအကာကို အလဟဿ မလွှင့်ပစ်လိုက်ပါနဲ့။ ရေခဲတုံးလင်ဗန်းထဲထည့်ပြီး အအေးခံထားကာ လိုအပ်တဲ့အချိန်မှာ ပြန်လည်အသုံးပြုနိုင်ပါတယ်။

ရေခဲချောင်း လုပ်စားနိုင်ခြင်း

ရေခဲချောင်း ပြုလုပ်ဖို့အတွက် ခက်ခက်ခဲခဲကြိုးစားနေစရာမလိုပါဘူး။ အနှစ်ဖြစ်အောင် ချေမွထားတဲ့ သစ်သီးအနှစ်တွေကို ထိုရေခဲလင်ဗန်းထဲ ထည့်လိုက်ပါ။ ထို့နောက် တုတ်ချောင်းလေး ထိုးထည့်ကာ အအေးခံထားလိုက်ပါ။ ဒါဆိုရင်တော့ အိမ်လုပ်ရေခဲချောင်းလေး စားနိုင်ပြီပေါ့။

အချဉ်ရည်များ၊ ဆော့စ်အကြွင်းအကျန်များကို သိမ်းဆည်းထားနိုင်ခြင်း

အချဉ်ရည်တွေ တို့စားလို့ မကုန်ဘဲ အများကြီးကျန်နေပါသလား။ ထိုအချဉ်ရည်များ၊ ဆော့စ်များကို ရေခဲခွက်ထဲ ထည့်ကာ အအေးခံထားနိုင်ပါတယ်။ ဒီနည်းလမ်းကတော့ အစားအစာတွေကို အလဟဿမဖြစ်စေတဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။

ဝိုင်ရေခဲတုံးအဖြစ် ဖန်တီးနိုင်ခြင်း

ညစာစားပွဲတွေ ပါတီပွဲတွေ ကျင်းပပြီးလို့ ဝိုင်က ပုလင်းထဲမှာ ကိုးလို့ကန့်လန့် ကျန်ခဲ့တယ်ဆိုပါစို့။ အဲဒါဆိုရင်လည်း ရေခဲလင်ဗန်းထဲသာထည့်ထားပြီး အအေးခံထားလိုက်ပါ။

ဆပ်ပြာတုံးများ ပြုလုပ်နိုင်ခြင်း

အိမ်လည်လာတဲ့ဧည့်သည်အတွက် အနံ့မွှေးတဲ့ ဆပ်ပြာတုံးသေးသေးလေး လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ ရေခဲတုံးလင်ဗန်းလေးကို အသုံးပြုနိုင်ပါတယ်။

အခုဖော်ပြခဲ့တဲ့နည်းလမ်းလေးတွေက စာဖတ်သူတို့အတွက် အသုံးတည့်ပြီး အစားအစာတွေကိုလည်း ချွေတာရာရောက်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Thespruceeats.com