ဘယ်တော့မှ ရိုးသွားမှာမဟုတ်တဲ့ ခရမ်းချဉ်သီး ငါးဆီပြန်ဟင်းလေး ချက်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပင်လယ်ငါး (သို့) မိမိနှစ်သက်ရာ ငါးတစ်မျိုးမျိုး ၂ ပေါင်ခန့်
  • ဂျုံမှုန့် အနည်းငယ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ခရမ်းချဉ်သီးဆော့စ် ပြုလုပ်ရန်

  • ကြက်သွန်နီ အကြီး ၁ လုံးနှင့် ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ရေ ၅၀၀ မီလီလီတာ
  • ခရမ်းချဉ်သီးအနှစ် ၆ အောင်စခန့်
  • သံပုရိုသီး ၁ လုံး (အရည်ညှစ်ထားပါ)
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ထောပတ်ထည့်ကာ အရည်ဖျော်လိုက်ပါ။ နုပ်နုပ်စဉ်းထားသော ကြက်သွန်နီထည့်ပြီး ၅ မိနစ်ခန့် မွှေပေးရပါမယ်။ ကြက်သွန်ဖြူထည့်ပြီးနောက် ခရမ်းချဉ်သီးအနှစ်ထည့်ကာ ၅ မိနစ်ခန့် ထပ်မွှေပေးလိုက်ပါ။ ထို့နောက် ရေထည့်ကာ အဖုံးအုပ်ထားပြီး ပွက်ပွက်ဆူလာသည်အထိ (မိနစ် ၂၀ ခန့်) တည်ထားလိုက်ပါ။

၂။ ငါးကို ရေစင်အောင်ဆေးကာ အနေတော်အတုံး တုံးထားပြီး သန့်စင်တဲ့အဝတ်စနဲ့ ခြောက်အောင် သုတ်ထားလိုက်ပါ။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ရောမွှေထားပါ။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ဆီထည့်ထားပါ။ ဆီပူလာပါက ငါးကို ဂျုံမှုန့်ပန်းကန်ထဲထည့်ပြီးနောက် ဒယ်အိုးထဲ ထည့်ကြော်လိုက်ပါ။ တစ်ခြမ်းကို ၃ မိနစ်စီ ကြော်ပေးလိုက်ပါ။ (ဆီလိုအပ်ပါက ထပ်ထည့်နိုင်ပါတယ်)

၃။ ခရမ်းချဉ်သီး တည်ထားတဲ့ အိုးက ပွက်ပွက်ဆူလာပါက ထိုအိုးထဲသို့ သံပုရိုရည်နှင့် ပျားရည်တို့ ထည့်ပြီး ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။ ထို့နောက် ငါးကြော်များကို ခရမ်းချဉ်သီးဆော့စ်ထဲ ထည့်ချက်လိုက်ပါ။ ငါးထဲသို့ ခရမ်းချဉ်သီးအရည်များ စိမ့်ဝင်သွားပါက မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းချဉ်သီး ငါးဆီပြန်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: natashaskitchen.com