နေ့လည်နေ့ခင်းအချိန်မှာ အကြော်စုံပူပူလေးများကို ရေနွေးကြမ်းနဲ့ တွဲဖက်စားသုံးရတာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပြောင်းဖူးကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပြောင်းဖူး ၂ ဖူး (ပြောင်းဖူးစေ့များ ခြွေထားပါ)
  • ငရုတ်ပွ ၁ လုံး (အစေ့ထုတ်ပြီး လေးထောင့်အတုံးငယ် တုံးထားပါ)
  • နံနံပင် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းမှ ၄ ဇွန်းခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီး တစ်လုံးထဲတွင် ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ကြက်ဥနှင့် ရေတို့ထည့်ကာ အနှစ်များ ပျစ်သွားသည်အထိ မွှေခလောက်ပေးလိုက်ပါ။ ထို့နောက် သံလွင်ဆီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ထပ်မွှေပါ။

၂။ ရရှိလာတဲ့ ပြောင်းမှုန့်အနှစ်ထဲသို့ ပြောင်းဖူး၊ ငရုတ်ပွ၊ နံနံပင်နှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် ထပ်မွှေပါ။

၃။ ဒယ်အိုးကို အပူပေးပြီးနောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ၄ ဇွန်းခန့် ထည့်ပါ။ ဆီပူလာပါက ပြောင်းဖူးနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ခပ်ယူပြီး ဒယ်အိုးထဲသို့ ထည့်ပါ။ ထို့နောက် ပြားနေအောင် ဖိချပေးလိုက်ပါ။

၃ မိနစ်၊ ၄ မိနစ်ခန့် ပြည့်လို့ ပြောင်းဖူးက ရွှေညိုရောင် ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ဆက်ကြော်ပါ။

၄။ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပြောင်းဖူးကြော် ကြွပ်ကြွပ်လေး ရရှိသွားပါပြီ။

ကြော်ပြီးပြီးချင်းမှာပဲ ပူပူလေး စားသုံးနိုင်သလို လေလုံဘူးထဲ ထည့်ထားပြီး နောက်ရက်တွေမှ စားမယ်ဆိုလည်း ရပါသေးတယ်။

ထိုလေလုံဘူးကို ရေခဲသေတ္တာထဲ ထည့်ထားပါက ၃ ရက်တိတိ အထားခံပါတယ်။ စားခါနီးကျမှ မိုက်ခရိုဝေ့ဖ်ထဲ ထည့်ပြီး မိနစ်အနည်းငယ်ခန့် အပူပေးနိုင်ပါတယ်။

Source: Cooktoria.com