ရေညှိအစားအများဆုံး နိုင်ငံတွေကတော့ ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုရီးယားမလေးတွေ ဂျပန်မလေးတွေရဲ့ အသားအရေက လှပနေတာ အဆန်းတော့မဟုတ်ပါဘူး။

တရုတ်နိုင်ငံမှာတော့ ဝက်နံရိုးစွပ်ပြုတ်ကို ခေါက်ဆွဲပြုတ်နဲ့ပဲဖြစ်ဖြစ် ဟော့ပေါ့လုပ်စားတဲ့အခါပဲဖြစ်ဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ ဝက်နံရိုးမှာ အဆီပါဝင်မှုနည်းပြီး အရသာလည်း  ပိုရှိတဲ့အတွက်ကြောင့် ဟင်းချိုလုပ်သောက်တဲ့အခါ ဝက်နံရိုးကို ရွေးချယ်သင့်ပါတယ်။

စာဖတ်သူအနေနဲ့ ထမင်းစားတဲ့အခါ ဘယ်လိုဟင်းရည်နဲ့ တွဲဖက်စားသောက်ရမလဲဆိုတာ စဉ်းစားမရဖြစ်နေတယ်ဆိုရင် ရေညှိနဲ့ ဝက်နံရိုးကို ပေါင်းစပ်ပြီး ဝက်နံရိုး ရေညှိဟင်းချို လုပ်သောက်ကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၅၀၀ ဂရမ်
  • ရေညှိအခြောက် ၈၀ ဂရမ် (ရေစိမ်ထားပါ)
  • လက်မအရွယ်အစားခန့် ဂျင်းတုံး တစ်တုံး (နုပ်နုပ်စဉ်းထားပါ)
  • ရေ ၄ လီတာ
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ကြက်သွန်မြိတ်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲ ရေအပြည့်ထည့်ပြီးနောက် ဆူပွက်လာအောင် တည်လိုက်ပါ။ ရေနွေး ပွက်ပွက်ဆူပါက ဝက်နံရိုးများ ထည့်ပြုတ်လိုက်ပါ။ ကြက်သွန်မြိတ် ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ပြုတ်လိုက်ပါ။ အချိန်ပြည့်ပါက ဝက်နံရိုးများကို ဆယ်ယူလိုက်ပါ။

၂။ ရေညှိခြောက်များကို ရေစိမ်ထားချိန်မှာ ဂျင်းတုံးကို နုပ်နုပ်စဉ်းထားပါ။

၃။ အခြားအိုးတစ်လုံးထဲတွင် ရေ ၄ လီတာထည့်ပါ။ ရေညှိ၊ ဂျင်းနှင့် ဝက်နံရိုးတို့ထည့်ပြီး အဖုံးဖုံးကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။ ဝက်နံရိုးများ နူးအိလာပြီဆိုရင်တော့ ဆားအနည်းငယ်ထည့်ကာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဟင်းရည်ကလည်း ပွက်ပွက်ဆူလာပြီ ဝက်နံရိုးလည်း နူးအိလာပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ရေညှိ ဝက်နံရိုးဟင်းချိုတစ်ခွက် ရရှိသွားပါပြီ။ ထမင်းစားခါနီးမှာ ပူပူနွေးနွေး သုံးဆောင်လိုက်ပါ။

Source: Chinasichuanfood.com