အိမ်မှာ ဟင်းသီးဟင်းရွက်လေးတွေလည်း စုံစုံလင်လင် ရှိပြန် ရာသီဥတုကလည်း မိုးအေးနေလို့ ပြီးခဲ့တဲ့ အပတ်က လယ်သမား  ဟင်းချိုလေး တစ်ခွက် ချက်စားဖြစ်ပါတယ်ရှင်။

လယ်သမားဟင်းချို ဆိုတာ တကယ်တော့ ကျေးလက်တောရွာတွေမှာ ယာထဲ ရှိသမျှ ဟင်းသီးဟင်းရွက်တွေ မှိုနတိုတွေနဲ့ ပူပူနွေးနွေး ချက်ပြုတ်စားတဲ့ ဟင်းရည်တစ်ခွက်ပါပဲ။ သူ့ကို ချက်ဖို့ရာ အဓိက ဘာတွေထည့်ရမယ် ဘာပါရမယ် စသည်ဖြင့် စည်းမျဉ်းတွေ မရှိပါဘူး။

ရိုးရှင်းပြီး ချက်ရလွယ်ကူတဲ့ လယ်သမား ဟင်းချိုကို ကျေးလက်ဒေသက တောင်သူဦးကြီး မိသားစုတွေ အများအပြား ချက်စားကြပါတယ်။
အညာဒေသတွေမှာ ချက်စားကြသလို တောင်ပေါ်ဒေသတွေမှာလည်း စားကြပါတယ် ။ ဒေသ အလိုက် ဟင်းချိုထဲ ထည့်ရတဲ့ တန်ဆာပလာ အနည်းငယ် ကွဲပါးပါတယ်။

အခုနည်းလေးကို ထိုင်းလူမျိုးတွေ စားသုံးတဲ့ နည်းအတိုင်း ချက်ထားပြီး မြန်မာပါးစပ်နဲ့ နည်းစပ်အောင် ပြန်လည် ပြင်ဆင်ထားပါတယ်။

လိုအပ်သောပစ္စည်းများ

  • ရွှေဖရုံသီးစိတ် – အနည်းငယ်
  • မျှစ်ပြုတ် – အနည်းငယ်
  • မှို – အနည်းငယ်
  • ဆူးပုပ်ရွက် – အနည်းငယ်
  • စမှုန်စပါးရွက် – အနည်းငယ်
  • စပါးလင် – တစ်ချောင်း
  • ပဒဲကော – တစ်တတ်
  • ငရုတ်သီးအလှော်တောင့် – ၅တောင့်ခန့်
  • ငါးပိစိမ်းစား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းမောက်မောက်
  • ငရုတ်ကောင်းလှော်စေ့ – ၁၀ စေ့ခန့်
  • ကြက်သွန်ဖြူ – ၁ ဥ
  • ကြက်သွန်နီ – ၁ ဥ
  • ပင်စိမ်းရွက် – ခပ်များများ
  • တောရှောက်ခါးရွက် – အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း

  1. ရွှေဖရုံသီး နှင့် မျှစ်ပြုတ်များကို ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ။အပေါ်မှာပါတဲ့ ဟင်းသီးဟင်းရွက်တွေကို ရေစင်အောင်ဆေးပြီး စစ်ထားပါ။ ကြက်သွန်ဖြူ နီ ၊ ငရုတ်သီး အလှော်တောင့်များ ၊ ငါးပိ စိမ်းစားတို့ကို ကြေညက်အောင် ရောထောင်းထားပါ။
  2. ပဒဲကော ၊ စပါးလင် ၊ ငရုတ်ကောင်းစေ့ များကို မွှေးပျံလာသည်အထိ လှော်ပြီး ထောင်းထားပါ။  အိုး တစ်အိုး ထဲကို ရေခပ် များများ ထည့်ပြီး ဆူပွက် လာသည်အထိ တည်ပါ။ ရေဆူလာလျှင် ထောင်းထားတဲ့ ကြက်သွန်ဖြူ နီ၊ ငရုတ်လှော် ၊ ငါးပိ အရောကို ထည့်ပါ။
  3. ငါးပိ အနံ့ ပျောက်လျှင် စပါးလင် ၊ ပဒဲကော ၊ ငရုတ်ကောင်း အရောကိုထည့်ပါ။ ဆား ၊ ငံပြာရည် ထည့်ပြီး ဆူအောင်တည်ပါ။ ဆူပွက် လာပြီဆိုလျှင် မှို ၊ ရွှေဖရုံသီး ၊ မျှစ် စတာတွေ ထည့်ပြီး ဆူအောင်တည်ပါ။
  4. ထပ်မံ ဆူပွက်လာပါက နောက်ဆုံး အဆင့်ဖြစ်တဲ့ ပင်စိမ်းရွက် ၊ ဆူးပုပ်ရွက် ၊ စမုံစပါးရွက် စတဲ့ အစိမ်းရောင် အရွက်များထည့်ပါ။ အပူ ခဏ ထပ်ပေးပြီး ဟင်းအိုးကို ချလို့ရပါပြီ။

ဒီဟင်းလေးက ပူပူနွေးနွေးစားမှ ကောင်းတဲ့ ဟင်းတစ်ခွက်ပါ။ အိမ်မှာ ခဝဲသီးတို့၊ ပုဇွန်တို့ ရှိရင်လည်း ထည့်စားလို့ ကောင်းပါတယ်။ စမှုန်စပါး ကလည်း အနံ့ကို မကြိုက်ရင် မထည့်လို့ ရပါတယ်။ မိမိ စိတ်ကြိုက်ဖြစ်တဲ့ အခြား အစိမ်းရောင် ဟင်းသီး ဟင်းရွက်များလည်း ထည့်လို့ရပါတယ်။ ထိုင်းတွေကတော့ ခရမ်းသီး ပါးပါးလှီး ထားတာလည်း ထည့်စားကြပါတယ် ။ အညာဒေသက လယ်သမား ဟင်းချို ချက်နည်းကိုလည်း အလျဉ်းသင့်သလို ရေးပေးသွားပါ့မယ်နော် ။

Credit: Warr Tee