အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ ပင်လယ်ရေညှိ ငါးအသားလုံးဟင်းချို ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးအသားလုံး အလုံး ၂၀ ခန့် (အသင့်စား ငါးအသားလုံးကိုလည်း အသုံးပြုနိုင်သလို မိမိကိုယ်တိုင် လုံးထားတဲ့ ငါးဖယ်လုံးကိုလည်း အသုံးပြုနိုင်ပါတယ်)
  • ပင်လယ်ရေညှိအခြောက် ၄ ဂရမ်
  • ရေ ၂ လီတာ
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်း တစ်တုံး (ဓားပြားရိုက်ထားပြီးနောက် ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ်နှင့် နံနံပင် လက်တစ်ဆုပ်စာခန့် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေထည့်ပြီးနောက် ဂျင်းထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၂။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ငါးအသာလုံးထည့်ကာ မီးအပူချိန်ကို လျော့ချလိုက်ပါ။ ပြီးရင် မိနစ်၂၀ ခန့် တည်ထားလိုက်ပါ။

၃။ တစ်ဖန် မိနစ် ၂၀ ပြည့်သွားပါက မီးအပူချိန်ကို ထပ်တင်ပြီးနောက် ရေညှိထည့်ကာ ၂ မိနစ်ခန့် ထပ်တည်ပါ။

၄။ ပြီးတာနဲ့ မီးကို ပိတ်လိုက်ပြီး ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အကြည်၊ ဆားနှင့် နှမ်းဆီတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၅။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် ကြက်သွန်မြိတ်နှင့် နံနံပင်တို့ထည့်လိုက်ပါ။ (နံနံပင် မကြိုက်ပါက မထည့်လည်း ရပါတယ်။)

ဒါဆိုရင်တော့ အရသာရှိတဲ့ ပင်လယ်ရေညှိ ငါးအသားလုံးဟင်းချိုလေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source : Chinasichuanfood.com