ငါးကြော်ကို ပုံမှန်အတိုင်း သူ့ချည်းပဲ ကြော်စားရတာကို ငြီးငွေ့နေသူများအတွက် ဒီတစ်ခါမှာတော့ ဟင်းသီးဟင်းရွက်စုံစုံလင်လင်နဲ့ကြော်ထားတဲ့ ငါးမွှေကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကကတစ်ငါး ၂၀ အောင်စ
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နှင့် ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်းခွဲ (စားပွဲတင်ဇွန်း ၁ ဇွန်းခွဲကို ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင်ရောမွှေထားပါ)
  • ကြက်ပြုတ်ရည် ပူပူနွေးနွေး ၆၂ မီလီလီတာ
  • နှမ်းဆီ၊ ဆား၊ သကြားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံစီနှင့် ခရုဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကညွှတ် ၄ ညွှန့် ( ၂ လက်မအရှည်ခန့် လှီးဖြတ်ထားပါ)
  • ငရုတ်ပွအနီ တစ်ခြမ်း (တစ်လက်မအတုံး တုံးထားပါ)
  • ပဲတောင့်ရှည် လက်တစ်ဆုပ်စာခန့်
  • အရှည်လိုက်လှီးဖြတ်ထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူ ၁ မြွှာ၊ ကြက်သွန်နီ တစ်ခြမ်းနှင့် ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးကို အနေတော်အတုံး တုံးထားပါ။ ပန်းကန်လုံးထဲပြောင်းထည့်ပြီးနောက် ဟင်းချက်ဝိုင်၊ ငရုတ်ကောင်းမှုန့်နှင့် ဆီတို့ဖြင့် သမအောင် နယ်ထားကာ ၁၀ မိနစ်ခန့် နှပ်ထားပါ။ သတ်မှတ်ချိန်ပြည့်ပါက ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ သမအောင် ထပ်နယ်ထားလိုက်ပါ။

၂။ ပန်းကန်လုံး အသေးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်ပူပူနွေးနွေး၊ နှမ်းဆီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် ခရုဆီတို့ထည့်ကာ သမအောင်ရောမွှေထားလိုက်ပါ။

၃။ အိုးတစ်လုံးထဲတွင် ရေလုံလုံလောက်လောက်ထည့်ပြီးနောက် မုန်လာဥနီ၊ ကညွှတ်၊ ငရုတ်ပွတို့ထည့်ကာ ရေဆူပွက်လာသည်အထိ ပြုတ်ပေးလိုက်ပါ။ ရေပွက်ပွက်ဆူလာမှ ပဲတောင့်ရှည်ထည့်ကာ ၁၀ စက္ကန့်ခန့် ထည့်ပြုတ်လိုက်ပါ။

ထို့နောက် ထိုဟင်းရွက်ပြုတ်များကို အသင့်ပြင်ဆင်ထားသော ရေခဲရေထဲထည့်ကာ အအေးခံထားလိုက်ပါ။

၄။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ အပူပေးပါ။ ဆီပူလာပါက ငါးအတုံးများထည့်ကာ တစ်မိနစ်စီကြော်ပေးပါ။ တစ်မိနစ်ပြည့်ပါက အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ်တစ်မိနစ် ထပ်ကြော်ပေးရပါမယ်။ ရရှိလာတဲ့ငါးကြော်ကို ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၅။ ဒယ်အိုးကို သန့်စင်ပြီးနောက်မှာ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဂျင်းထည့်ပြီးနောက် ၁၀ စက္ကန့်အကြာမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်ထည့်ကာ စက္ကန့် ၂၀ ခန့် ဆီသတ်ပါ။

၆။ ဒယ်အိုးပူနေတဲ့အချိန်မှာပဲ စောစောက ဟင်းသီးဟင်းရွက်အားလုံးထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ကြက်ပြုတ်ရည်အရောအနှောကို အိုးထဲသို့ လောင်းထည့်လိုက်ပါ။

၇။ သမအောင်မွှေပြီးတဲ့နောက်မှာ ပြောင်းမှုန့်အရည်တစ်ဝက်ခန့်ကို လောင်းထည့်ကာ ကြော်ပေးလိုက်ပါ။ ထို့နောက် ငါးကြော်များထည့်ကာ သမအောင်ကြော်ပေးလိုက်ပါ။ ကျန်ရှိနေတဲ့ ပြောင်းမှုန့်အရည်တစ်ဝက်ကို ဖြည်းဖြည်းချင်းစီ လောင်းထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

ပြောင်းရည်များ ခမ်းသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဟင်းရွက်စုံ ငါးမွှေကြော်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိစားသုံးလိုက်ပါ။

Source: Thewoksoflife.com