အားလုံးပဲ မင်္ဂလာပါ။ အာလူးဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဂျာမန်စတိုင်လ် အာလူးသုပ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၁ ပေါင်ခွဲ
  • ဝက်ဆားနယ်ခြောက် ၃ ပြား (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်သွန်နီ ၂ ဥ (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းရွက်ပြုတ်ရည် (သို့) ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၅ ဇွန်း

  • မိရောနိစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • အမွှေးအကြိုင်အရွက် အနည်းငယ် (နံနံပင် (သို့) ပင်စိမ်းရွက် (သို့) ကြက်သွန်မြိတ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အိုးတစ်လုံးထဲ ထည့်ပြီးနောက် ရေနှင့် ဆားအနည်းငယ်ထည့်ကာ ၁၅ မိနစ်ခန့် ပြုတ်ပါ။

အာလူးများ နူးအိသွားပါက ရေအေးထဲ ထည့်ကာ အအေးခံထားလိုက်ပါ။

၂။ အာလူးများ အအေးခံနေစဉ်မှာ ဝက်ဆားနယ်ခြောက်များ ကြော်ရပါမယ်။

ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ထို့နောက် ဝက်ဆားနယ်ခြောက်များထည့်ကာ ၅ မိနစ်ခန့်ကြော်ပါ။ (ကြွပ်ကြွပ်ရွရွလေး စားချင်တယ်ဆိုရင်တော့ ၈ မိနစ်ခန့် ကြော်ပါ။)

၃။ ထို့နောက် ကြက်သွန်နီထည့်ကာ နောက်ထပ် ၅ မိနစ်ခန့် မွှေကြော်ပါ။

၄။ ထို့နောက် ရှာလကာရည်ထည့်ကာ နောက်ထပ် ၂ မိနစ်ခန့် ကြော်ပါ။ ဟင်းရည်ပြုတ်ရည်၊ မိရောနိစ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ သမအောင် မွှေကြော်ပါ။ ပြီးရင်တော့ မီးပိတ်ထားလိုက်လို့ရပါပြီ။

၅။ အာလူးများ အေးသွားပြီဆိုရင်တော့ အခွံခွာကာ အဝိုင်းလိုက် လှီးပါ။

၆။ ထို့နောက် အာလူးများကို ဝက်သားဒယ်အိုးထဲထည့်ပါ။ အမွှေးအကြိုက်အရွက်များ ဖြူးထည့်ပြီးနောက် သမအောင် ရောနယ်လိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် လိုအပ်ပါက ဆားအနည်းငယ် ထည့်နိုင်ပါတယ်။

အားလုံးပြီးသွားတဲ့အခါမှာတော့ ပန်းကန်ပြားထဲ ပြောင်းထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ဂျာမန်စတိုင်လ် အာလူးသုပ်လေး ရရှိသွားပါပြီ။

Source: Simplyrecipes.com