အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာကတော့ ကိုရီးယားရိုးရာ ပဲကြာဇံသုပ် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ ဝ.၅ ပေါင်
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ဟင်းနုနွယ် ၁ စည်း (အရွက်နှင့် ရိုးတံများ ခြွေထားပါ)
  • သကြားနှင့် ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန်လာဥနီ ၂ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)

  • မှို ၈ အောင်စ (လက်မဝက်အထူ လှီးဖြတ်ထားပါ)
  • ငရုတ်ပွ တစ်ခု (မုန်လာဥနီနှင့် အရွယ်အစားတူ အချောင်းလိုက် ပါးပါးလှီးထားပါ)
  • အမဲသား ဝ.၅ ပေါင် (ပါးပါးလှီးထားပါ)
  • ဟင်းရွက်ဆီ
  • နှမ်းစေ့

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပါ။ ဆီပူလာပါက မှိုကို ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် နူးအိသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားအသေးထဲသို့ ဆယ်ထည့်ထားပါ။

၂။ ထိုဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ကာ ပါးပါးလှီးထားသော ငရုတ်ပွများကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် အခြားပန်းကန်ပြားထဲသို့ ဆယ်ထည့်ပါ။

၃။ ကြက်သွန်နီ၊ မုန်လာဥနီနှင့် အမဲသားတို့ကိုလည်း အထက်ဖော်ပြပါနည်းအတိုင်း ထိုဒယ်အိုးထဲတွင်ပင် နူးအိသွားသည်အထိ သပ်သပ်စီခွဲကြော်ပေးရပါမယ်။

၄။ နောက်တစ်ဆင့်အနေနဲ့ ပဲကြာဇံ ပြုတ်ရမှာဖြစ်ပါတယ်။ ပွက်ပွက်ဆူပြီးသား ရေနွေးပူထဲသို့ ဆားထည့်ကာ ပဲကြာဇံများထည့်ပြီး ၁၂ မိနစ်၊ ၁၃ မိနစ်ခန့် ပျော့အိသွားသည်အထိ ပြုတ်ပေးလိုက်ပါ။

၅။ အလယ်အလတ်မီးအပူချိန် ပေးထားသော ဒယ်အိုးအကြီးတစ်လုံးထဲတွင် ပဲငံပြာရည်နှင့် သကြားတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ကြော်ပြီးသား ဟင်းသီးဟင်းရွက်များနဲ့ အမဲသားတို့ကို ဒယ်အိုးထဲထည့်ပြီး သမအောင်ရောနယ်လိုက်ပါ။ ပြီးရင်တော့ ပဲကြာဇံကို ရေထဲက ဆယ်ယူပြီး ဒယ်အိုးထဲထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၆။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ နှမ်းစေ့လေး ဖြူးထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားရိုးရာ ပဲကြာဇံသုပ်လေး ရရှိသွားပါပြီ။

Source: Fifteenspatulas.com